Quantcast
Channel: DVB »မှုခင်း
Viewing all articles
Browse latest Browse all 80

မြ၀တီတံတားအောက် ရေလယ်ကျွန်းကို ရှင်းလင်း

$
0
0

ထိုင်း-မြန်မာနယ်စပ် မြ၀တီတံတားအောက်က ရေလယ်ကျွန်းက မူးယစ်ဆေးဖြန့်ဖြူးတဲ့ နေရာတွေကို ကရင်လူငယ်အစည်းအရုံး (ကေ၀ိုင်အို) ခေါင်းဆောင် စောမိုရှေး အဖွဲ့က ဒီနေ့မနက်ပိုင်းမှာ ၀င်ရောက်ဖမ်းဆီးပြီး ရှင်းလင်းလိုက်ပါတယ်။

စောမိုရှေးခေါင်းဆောင်ပြီး အဖွဲ့ဝင် ၂၅ ဦး ပါဝင်တဲ့အဖွဲ့ဟာ ဒီမနက်ပိုင်းက လက်နက် အပြည့်အစုံနဲ့ ၀င်ရောက်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

ဒီရေလယ်ကျွန်းကနေ ကရင်ပြည်နယ်ထဲနဲ့ ထိုင်းဘက်ကို မူးယစ်ဆေးဝါးဖြန့်ချိရာ ဘုံနေရာဖြစ်နေတာကြောင့် အခုလို ၀င်ရောက်ရှင်းလင်းရတာလို့ အဖွဲ့ခေါင်းဆောင် စောမိုရှေးက ပြောပါတယ်။

“အရင်ကတော့ တိုင်းပြည်က မငြိမ်းချမ်းသေးဘူး။ ကျနော်တို့လည်း တောထဲတောင်ထဲ နေနေရတဲ့ အချိန်အခါဆိုတော့ လက်လှမ်းမမီဘူး။ အခု ကျနော်တို့ ကရင်တွေအားလုံး ကရင်ပြည်နယ်ထဲ ပြန်ဝင်လာကြပြီ။ အဲတော့ ဒီကနေ့ မဖြစ်သင့်တဲ့ လူညွန့်တုံးစေမယ့် မူးယစ်ဆေးဝါးတွေကို ကရင်လူငယ်တွေ လုံးဝအပျက်အစီးဖြစ်တာ မခံစေချင်ဘူး။ ကျနော်တို့ ပြန်ဝင်လာပြီ၊ ဒါတွေလုံးဝမရှိရတော့ဘူး။ တိုင်းပြည်ကိုခေါင်းဆောင်ရမယ့် လူငယ်ကောင်းတွေ အများကြီးမွေးထုတ်ပေးရမယ်လေ။ ဒါကြောင့် ဒီနေရာကို စလုပ်ရခြင်းဖြစ်တယ်။”

ကရင်လူငယ်အစည်းအရုံးဟာ ကရင်အမျိုးသားအစည်းအရုံးရဲ့ လက်အောက်ခံအဖွဲ့တခု ဖြစ်ပေမယ့် အခု ၀င်သိမ်းတာကတော့ သူ့လူတွေကို သူပဲအမိန့်ပေးပြီး ၀င်သိမ်းခဲ့တာလို့ ပြောပါတယ်။

သူတို့အဖွဲ့ ၀င်ရောက် ရှင်းလင်းချိန်မှာ မူးယစ်အဖွဲ့ခေါင်းဆောင်တဦး မြန်မာပြည်ဘက် ထွက်ပြေး လွတ်မြောက်သွားပြီး ကျန်ခေါင်းဆောင် ၂ ဦးကိုတော့ ဖမ်းမိထားတယ်လို့ ဆိုပါတယ်။ ဖမ်းမိထားသူနှစ်ဦးဟာ မြန်မာလူမျိုးတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

သူတို့ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးနဲ့ လက်နက်တွေအကြောင်း စောမိုရှေးက ခုလို ပြောပြပါတယ်။

“ကျနော်တို့ဆီမှာရတာ မြင်းဆေး။ ပါကင်ပိတ် အထုတ်တွေလည်းရတယ်၊ အကြွေတွေလည်း ရတယ်။ ဘူးတွေလည်း ရတယ်။ လက်နက်ခဲယမ်း မီးကျောက်တွေလည်း ရတယ်။ လက်လုပ်မိုင်းလည်း ၁ လုံးရတယ်။ ဆေးခြောက်တွေလည်း ရတယ်။ ဆေးခြောက်အပြင် ဆေးခြောက်စိုက်တဲ့ အပင်တွေလည်း တွေ့ရတယ်။ နောက် စိတ်ကြွဆေးနဲ့ ပတ်သက်တဲ့ ဆေးတွေလည်း အများကြီး သိမ်းမိတယ်။”

သူတို့အဖွဲ့ ကျွန်းကို သိမ်းထားပြီးတဲ့နောက် မွန်းလွဲပိုင်းမှာတော့ မြန်မာဘက်က ခရိုင်ရဲမှူးဦးဆောင်တဲ့ အာဏာပိုင်အဖွဲ့ကို ကျွန်းပေါ် လာခွင့်ပေးလိုက်ပြီး နှစ်ဖွဲ့ပေါင်းကာ ရှာဖွေ စစ်ဆေးမှုတွေ ဆက်လုပ်နေကြပါတယ်။

ကရင်လူငယ်အစည်းအရုံးအနေနဲ့တော့ တကမ္ဘာလုံးက လက်မခံတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်၊ ဖြန့်ချိတာမျိုးကို မြန်မာအစိုးရအာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ကိုင်သွားမယ်လို့လည်း စောမိုရှေးက ပြောပါတယ်။

မြ၀တီတံတားအောက်က ရေလယ်ကျွန်းဟာ ၃ ဧကခွဲ ၄ ဧကလောက် ကျယ်ဝန်းပြီး၊ ကျွန်းပေါ်မှာ ယာယီတဲအိမ်ပေါင်း အလုံး ၆၀ လောက် တည်ရှိပါတယ်။ ထိုင်း-မြန်မာ နှစ်နိုင်ငံ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ရေလယ်ကျွန်းမှာ ကြုံရာကျပန်း လုပ်ကိုင်စားသောက်တဲ့ မြန်မာမိသားစု ၇၀ လောက် နေထိုင်ကြပါတယ်။

မြန်မာအာဏာပိုင်တွေက ၁ နှစ် ၁ ကြိမ်လောက် ကျွန်းပေါ်ကတဲတွေကို မီးရှို့ ဖျက်ဆီးပစ်လေ့ရှိပြီး ဖျက်ဆီးခံရပြီး သိပ်မကြာခင်မှာပဲ တဲထိုးပြီး ပြန်လာနေကြတယ်လို့ မဲဆောက် AGAPE ကျောင်းက ဆရာဒေးဗစ်က ပြောပါတယ်။

မြန်မာအာဏာပိုင်တွေဘက်က ကျွန်းပေါ်ကတဲတွေကို မီးရှို့ဖျက်ဆီးခြင်း မရှိတာလည်း ၂ နှစ်လောက် ရှိသွားပြီလို့ သိရပါတယ်။

View Photo Album


Viewing all articles
Browse latest Browse all 80

Latest Images

Trending Articles



Latest Images