Quantcast
Channel: DVB »မှုခင်း
Viewing all 80 articles
Browse latest View live

မဲဆောက်တောင်ကျချောင်းရေကြီး၊ မြန်မာကလေး ၂ ဦးသေဆုံး

$
0
0

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်မှာ  မိုးသည်းထန်ပြီး တောင်ကျချောင်းရေကြီး တဲ့အတွက်  မြန်မာကလေးငယ် ၂ ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၃ ရက်နေ့က မဲဆောက်မြို့နယ် အုပ်ချုပ်ရေးရုံး၊ ကယ်ဆယ်ရေးလုပ်သား၊  အမှတ် ၄ အထူးစစ်တပ်က တာဝန်ရှိသူနဲ့ နယ်မြေခံတွေဟာ ရေစီးကြောင်းနဲ့အတူ မျောပါသွားတဲ့ ကလေး ၂ ဦးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနမှာ ဖော်ပြသွားပါတယ်။

အဲဒီကလေး ၂ ဦးဟာ  မောင်သီဟကို ၃ နှစ်နဲ့ မောင်ထောလေကို ၅ နှစ်တို့ဖြစ်ပြီး  မဲဆောက်မြို့ ဖရထတ်ဖာဒိုင်ရပ်ကွက်ရှိ အန်ဂျီအိုတခုက ဖွင့်လှစ်ထားတဲ့  နောင်ဗိုကျောင်းတိုက်မှာ ပညာသင်ကြားနေကြောင်း၊  ညနေပိုင်း ကျောင်းဆင်းချိန်မှာ မိုးသည်းထန်ပြီး တောင်ကျချောင်းရေ လျှံတဲ့အတွက် ရေထဲမျောပါသွားခဲ့တာတယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးအဖွဲ့က ၁၀ နာရီကြာ ရှာဖွေရေး လုပ်ခဲ့ရတယ်လို့ မဲဆောက် ကယ်ဆယ်ရေးဝန်ထမ်းတဦးက ထိုင်းသတင်းဌာနကို ပြောပါတယ်။

မဲဆောက်မြို့ခံတဦး ပြောပြချက်အရ ကလေး ၂ ဦးဟာ ညီအစ်ကိုတွေဖြစ်ပြီး ဇွန် ၃ ရက်နေ့ ညနေပိုင်းမှာ ပျောက်ဆုံးသွားကြောင်း၊ မိဘဖြစ်သူက ကလေးပျောက် တိုင်ကြားတဲ့အတွက် သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့တွေက ညတွင်းချင်း လိုက်လံရှာဖွေရာမှာ ည၁၁ နာရီလောက် သူတို့နေအိမ်နဲ့ ကိုက် ၅၀၀ အကွာမှာ သစ်ပင်နဲ့ ငြိနေတဲ့ ကလေးတဦးရဲ့ အလောင်းကို ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ကလေးတဦးရဲ့ အလောင်းကို ဇွန်လ ၄ ရက် မနက်အစောပိုင်း ရေလွတ်မြောင်း အပေါက်ဝနားမှာ တွေ့ရှိခဲ့တယ်လို့ ထိုင်းဒေးလီးနယူးမှာ ဖော်ပြထားပါတယ်။

မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူး နိုင်ပရီချာ ကျိုင်ဖိတ်က  သေဆုံးသူ ကလေးတွေအတွက် အသုဘအကူငွေ ဘတ်ငွေ ၁ သောင်းကို  မိဘဖြစ်သူ ဦးဇော်ဝင်းကိုနဲ့ ဒေါ်လှရီတို့ကို ပေးအပ်ခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။


မလေးရှားတွင် မြန်မာအလုပ်သမားများကို စီမံချက်ဖြင့် ဖမ်းဆီး

$
0
0

ဒီနေ့မနက်ပိုင်းကစပြီး  မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မလေးရှား ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးတို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မြန်မာအလုပ်သမားတွေကို စီမံချက်နဲ့ ဖမ်းဆီးထိန်းသိမ်းနေတယ်လို့ မြန်မာလူမှုရေးအဖွဲ့တွေက ပြောပါတယ်။

ကွာလာလမ်ပူမြို့ပေါ်က မြန်မာဆိုင်တွေကို ၀င်ရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး ညနေပိုင်းထိ မြန်မာ ၁၀၀၀ လောက် ဖမ်းဆီးခံထားရတယ်လို့ မျက်မြင်တွေ့ရှိခဲ့သူ ဦးသီဟက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကပုန်းဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် မြန်မာအလုပ်သမားများ

ကျနော်က ရဲဌာနကို ရောက်နေတယ်။ ကျနော့်အသိတယောက်က သူ့ကို လာထုတ်ပါလို့ ပြောတော့ သူ့ပတ်စပို့နဲ့ သွားထုတ်တော့ အထုတ်မခံဘူး။ လက်ရှိတွေ့ခဲ့ရတာ အထဲမှာ လူ အယောက် ၁၀၀၀ လောက်ရှိမယ်။ အခုပြောနေရင်းနဲ့ ရဲကားတွေ ၀င်လာတယ်။ အော်ပရာစီလို့ ခေါ်တဲ့ စီမံချက်ကားတွေ ၂ စီးပြီး ၂ စီး ၀င်လာတယ်။ ကျနော်ရှိနေချိန် ၀င်လာတာ ၆ စီးလောက်ရှိပြီ၊ ကျနော်ရောက်နေတာက ၁ နာရီခွဲလောက်ရှိပြီ။”

မလေးရှားနိုင်ငံမှာ  မြန်မာနိုင်ငံသားများ အကြမ်းဖက်တိုက်ခိုက်ခံရတာတွေ ဆက်တိုက် ဖြစ်ပွားနေတာကြောင့် မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးဇင်ယော်က မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးကို ဇွန် ၄ ရက်နေ့က  သတိပေးထောက်လွှာ ပေးအပ်ခဲ့တယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ခဲ့ပြီး နောက်တနေ့မှာ အခုလို မြန်မာနိုင်ငံသားတွေကို စီမံချက်ချ ဖမ်းဆီးတာ ဖြစ်ပါတယ်။

အကြမ်းဖက်တိုက်ခိုက်တာတွေ စတင် ဖြစ်ပွားခဲ့တဲ့ ဆလာရမ်းဈေးဘက်မှာ မနေ့ညကတည်းက ဖမ်းဆီးမှုတွေ စတင်ခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာတော့ ကွာလာလမ်ပူမြို့က မြန်မာဆိုင်တွေရှိတဲ့ မဟာနန်း၊ မဟာနန်းအောက်ဘက်က မြန်မာရွာနဲ့ မောရှမ်းစတဲ့ နေရာတကြော ၀င်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အထောက်အထားရှိသူတွေရော၊ မရှိသူတွေကိုပါ ဖမ်းဆီးနေတာဖြစ်ပြီး လတ်တလော လွှတ်ပေးမှာ မဟုတ်သေးဘဲ စစ်ဆေးမေးမြန်းပြီးမှ လွှတ်ပေးမယ်လို့ သက်ဆိုင်ရာရဲစခန်းက ပြောကြောင်း သိရပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတိပေးထောက်လွှာထဲမှာ မလေးရှားရောက် မြန်မာတွေ အကြမ်းဖက် တိုက်ခိုက်ခံနေရတာကို ချက်ချင်းစုံစမ်းဖော်ထုတ်ပေးဖို့၊ ပြစ်မှုကျုးလွန်သူတွေကို ဥပဒေနဲ့အညီ အရေးယူပေးဖို့နဲ့ ထပ်ပြီးမဖြစ်အောင် မလေးရှားအစိုးရက လုပ်ဆောင်ပေးဖို့ သတိပေး ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မလေးရှားမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း မြန်မာ ၃ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
မလေးရှားမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၃ သိန်းလောက် ရှိတယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက တရားဝင်ထုတ်ဖော်ပြောကြားထားပါတယ်။

မလေးရောက်မြန်မာများ သံရုံးရှေ့ဆန္ဒပြ

$
0
0

လက်ရှိမလေးရှားမှာ ဖြစ်ပွားနေတဲ့ ဖြစ်ရပ်တွေနဲ့ပတ်သတ်ပြီး မလေးရှားနိုင်ငံအခြေစိုက် မြန်မာသံရုံးက တစုံတရာအရေးယူဆောင်ရွက်တာမရှိတဲ့အတွက် မလေးရှားရောက် မြန်မာတွေ ဆန္ဒပြခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာတွေ အထိတ်တလန့်နဲ့ ပြေးလွှားနေရတာတွေကို မြန်မာသံရုံးက တစုံတရာ ဆောင်ရွက်ပေးခြင်း မရှိတဲ့အပြင် ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကို သာမန်ဖြစ်ရပ်သဘောမျိုး ပြောဆိုခဲ့တဲ့ အပေါ် မကျေနပ်လို့ ဆန္ဒပြတာလို့ ပါဝင်ဆန္ဒပြသူ ကပုန်းနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုဆန်းဝင်းက ပြောပါတယ်။

ဇွန်လ ၆ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေစုပြီး သံရုံးကို သွားရောက် ဆန္ဒပြခဲ့ပါတယ်။ ရဲတွေက သံရုံးရှိတဲ့နေရာကို သွားရောက်ခွင့်မပေးလို့ ကျန်တဲ့လူတွေ လှည့်ပြန်ခဲ့ရပေမယ့် ကိုဆန်းဝင်း အပါအ၀င် လူအနည်းငယ် သံရုံးရှေ့မှာ သွားရောက် ဆန္ဒပြခွင့်ရတယ်လို့ ဆိုပါတယ်။

ဆန္ဒပြရတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ ကိုဆန်းဝင်းက

“မလေးရှားနိုင်ငံရော မြန်မာလူမျိုးတွေ အသတ်ခံရတာ၊ ဓားထိုးခံရပြီး အပြင်းအထန် ဒဏ်ရာရပြီး ဆေးရုံတက်နေရ၊ အထိတ်တလန့်ပြေးလွှားနေရတယ်။ ယနေ့အချိန်ထိ သေဆုံးနေတယ်၊ ထွက်ပြေးနေရတယ်၊ အိမ်တွေပေါ် ဓားနဲ့တက်ခုတ်တယ်။ ဒါတွေကို မြန်မာသံရုံးက မျက်ကွယ်ပြုနေလို့ အားလုံးသိအောင်၊ ပွင့်လင်းမြင်သာအောင် ဆန္ဒပြတာ။ နောက် ရည်ရွယ်ချက်က သေဆုံးသွားသူတွေ၊ အသတ်ခံရသူတွေကို မြန်မာသံရုံးက အလောင်းင်္သြဂိုဟ်ဖို့ စာထုတ်ပေးဖို့၊ ကျန်ရစ်သူမိသားစုတွေကို နစ်နာကြေး၊ ထောက်ပံ့ကြေးတွေပေးဖို့။ ဒဏ်ရာရသူ လူနာတွေရဲ့ အသုံးစရိတ်တွေပေးဖို့၊ လူနာတွေကို ဆေးရုံမှာ အားပေးစကားပြော သွားကြည့်ပေးဖို့နဲ့ ဖြစ်ဖြစ်ချင်းနေ့မှာ သံအမတ်ကြီး ဦးတင်လတ်က ဒီကိစ္စတွေက ပုံမှန်ဖြစ်နေတာ၊ ဘာမှမဟုတ်ပါဘူး၊ မူးယစ်သောက်စားပြီးဖြစ်တာဆိုပြီး မြန်မာ့အသံမှာ ပြောတာတွေကို သူမှားတယ်ဆိုတာကို တောင်းပန်ပေးဖို့ ဒါတွေ တောင်းဆိုပါတယ်။” လို့ ပြောပြပါတယ်။

ဆန္ဒပြတာကို သံရုံးက လာရောက်ညှိနှိုင်းဆွေးနွေးတာတွေကို မလုပ်ဘဲ သံရုံးအတွင်းကနေ ဗွီဒီယို ကင်မရာတွေနဲ့ မှတ်တမ်းတင်တာတွေရှိတယ်လို့ သူက ပြောပါတယ်။

အရင်ရက်ပိုင်းက မလေးရှား ဆာလာရန်းဈေးမှာ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့အတွက် မြန်မာ အလုပ်သမား ၂ ဦး သေဆုံးပြီး၊ မြန်မာတချို့ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ မလေးရှားမှာ အလုပ်လုပ်နေတဲ့ သိန်းနဲ့ချီတဲ့ မြန်မာတွေကို အထိတ်တလန့် ဖြစ်စေခဲ့ပါတယ်။

ဒီဖြစ်ရပ်အပြီးမှာတော့ မလေးရှားရောက် မြန်မာအလုပ်သမားတွေကို မလေးရှားရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးတို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က စီမံချက်နဲ့ ဖမ်းဆီးခဲ့တဲ့အတွက် ရာနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံခဲ့ရပါတယ်။

မလေးရှားရောက်မြန်မာများ အိမ်ပြန်ရေးစဉ်းစားပြီ

$
0
0

မလေးရှားမှာ မြန်မာပြည်သားတွေ တိုက်ခိုက်ခံရမှုတွေ ရက်ဆက်နီးပါးဖြစ်လာတာကြောင့် မလေးရှားရောက် မြန်မာတွေ လုံခြုံမှုမရှိတော့ဘဲ ဌာနေပြန်ဖို့ စဉ်းစားနေကြပါတယ်။

ဇွန် ၇ ရက်နေ့က ပုဆိုးဝတ်မြန်မာနိုင်ငံသား အလောင်းတလောင်းကို ကလန်းအူတာမ (Kalng Utama) မြို့ အမှိုက်ပုံမှာ တွေ့ရှိတဲ့သတင်းကို မလေးရှားက သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

ဇွန် ၈ ရက်နေ့ကလည်း Kuantan ကွန်တင်းမြို့မှာ ဓားနဲ့ အခုတ်သတ်ခံရပြီး မြန်မာနိုင်ငံသားတဦး သေဆုံးနေတာကို ရဲက တွေ့ရှိခဲ့ကြောင်း ဖော်ပြသလို ဇွန် ၈ ရက်နေ့ မနက်ပိုင်းကလည်း ဆွန်လိုင်းဘက်ဆီဒေသမှာ ကိုယ့်အိမ်ထဲ ကိုယ်အိပ်နေတဲ့ မြန်မာတွေ နေထိုင်ရာအိမ်ကို စပရေး ၁ မျိုးနဲ့ပက်ဖြန်းပြီး အနံ့မခံနိုင်လို့ အပြင်ထွက်လာမှ ၀ိုင်းဝန်းသတ်ဖြတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ကွာလာလမ်ပူမြို့ ကပုန်းဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဦးအိန္ဒိကက မလေးရှားရောက် မြန်မာတွေရဲ့အခြေအနေဟာ ကျီးလန့်စာစား ဖြစ်နေတယ်လို့ ရှင်းပြပါတယ်။

“ပြီးခဲ့တဲ့လ ၂၉ ရက်နေ့ကတည်းက ဖြစ်တာဆိုတော့ ဒီနေ့ထိကို နေ့တိုင်းက တိုက်ခိုက်ခံနေရတယ်။ တချို့သေတယ်။ မနေ့ညက ကြားတာ လူ ၂ ယောက်ကို သတ်ပြီး အမှိုက်ပုံးထဲ ပစ်ထည့်ထားတယ်ပြောတယ်။ နေ့စဉ်ရက်ဆက်ဖြစ်နေတော့ လူတွေ ဘယ်မှမသွားရဲတော့ဘူး။ မြန်မာပြည်ပြန်ဖို့ပဲ လုပ်နေကြတယ်။ ကိုယ့်ဘ၀ကို ကိုယ့်သတိနဲ့ ကာကွယ်နေရတာ။ အိမ်မှာ အိပ်တာတောင် မလုံခြုံတော့ဘူး။ အိမ်ထဲမှာနေရင်တောင် တံခါးတွေ ဖျက်ဝင်ပြီး အနိုင်ကျင့်တဲ့အဆင့် ရောက်နေတာကိုး။”

ဒီလို သတ်ဖြတ်မှုတွေဟာ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အနည်းဆုံး ၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ကပုန်းနာရေးကူညီမှုအသင်းက အခင်းဖြစ်ကတည်းက ခုထိ မြန်မာ ၆ ဦးကို သဂြုင်္ိဟ်ပေးခဲ့တယ်လို့ ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောပါတယ်။

မလေးရှားရောက်မြန်မာတွေရဲ့ အခြေအနေကို ဦးစိန်ဝင်းက “မလေးရောက်မြန်မာတွေက အသတ်ခံရမှာကြောက်ပြီး လမ်းလဲမထွက်ရဲတော့ဘူး။ မြန်မာနိုင်ငံရှိ မလေးရှားသံရုံးကို ဖိအားပေးနေတော့ စစ်ဆင်ရေးတွေလုပ်ပြီး နင်းကန်ဖမ်းနေတော့ မြန်မာတွေအများစုဖမ်းခံရတယ်။ အားလုံးကြောက်နေတယ်။ အခုဆို မြန်မာဆိုင်တွေဘာတွေလည်း အရောင်းအ၀ယ်မကောင်းဘူး။ အားလုံးငြိမ်နေတယ်။”

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေနဲ့ မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေးကို ထိထိရောက်ရောက် ကူညီဆောင်ရွက်တာနဲ့ ပံ့ပိုးတာ အားနည်းတယ်လို့ ဦးဆန်းဝင်းက ပြောပါတယ်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို မေးမြန်းရာမှာတော့ သံရုံးအနေနဲ့ သံတမန်လမ်းကြောင်းကနေ ဖမ်းဆီးမှုတွေ ဖြစ်ရေး တိုက်တွန်းနေပြီး ထိခိုက်ဒဏ်ရာရသူတွေကို လည်း တတ်နိုင်သလောက်ကူညီနေတယ်လို့ ဖြေပါတယ်။

၂ ပတ်နီးပါး ကြာမြင့်တဲ့ကာလ အကြမ်းဖက်သတ်ဖြတ်မှုတွေကို  မလေးရှားသတင်းစာတွေမှာ အုပ်စုချင်းဖြစ်တဲ့ ပဋိပက္ခအဖြစ် ရေးသားဖော်ပြနေပြီး တရားခံတစုံတဦးကိုမှ ဖမ်းဆီးနိုင်ခြင်းတော့ မရှိသေးပါဘူး။  ဒီအပေါ် လက်ရှိအာဏာရအစိုးရအပေါ် မလေးရှားအတိုက်အခံပါတီတွေက မေးခွန်းထုတ်နေတယ်လို့ ဦးဆန်းဝင်းက ပြောပါတယ်။

မလေးရှားမှာ မြန်မာနိုင်ငံသား ၃ သိန်းခွဲကနေ ၅ သိန်းအကြား ရှိနေတယ်လို့ ခန့်မှန်းရပါတယ်။

သထုံမြို့နယ်တွင် မှန်လုံယာဉ်တစီး ဓားပြတိုက်ခံရ၊ ၂ ဦး သေဆုံး

$
0
0

မွန်ပြည်နယ် သထုံမြို့နယ်မှာ ခရီးသည်တင် မှန်လုံယာဉ် တစီး ဓားပြတိုက်ခံရပြီး လူ ၂ ဦးသေဆုံးသွားတယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ သတင်းထုတ်ပြန်ပါတယ်။

ခရီးသည် ၃၀ လောက် လိုက်ပါလာတဲ့  ရာဇာမင်း မှန်လုံယာဉ်ဟာ ကျိုက္ခမီမှ ရန်ကုန်ကိုအသွား ဇွန် ၈ ရက် ည ၉ နာရီလောက်က  သထုံမြို့နယ် တောင်စွန်းကျေးရွားအနီး ခရီးသည်ဟန်ဆောင်ထားတဲ့ မျက်နှာဖုံးစွပ် အမည်မသိလူ ၅ ဦးက ပစ္စတိုသေနတ် ပစ်ခတ်ပြီး ဓားပြတိုက်သွားတာပါ။

ဓားပြတွေရဲ့ပစ်ခတ်မှုကြောင့် ယာဉ်နောက်လိုက် ဦးနိုင်လင်းထွန်း အသက် ၂၆ နှစ်ဟာ ဦးခေါင်းဒဏ်ရာနဲ့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပြီး  ယာဉ်မောင်း ဦးဇော်လင်းထူး အသက် ၃၈ နှစ်ကတော့ ဒဏ်ရာနဲ့ မော်လမြိုင်ဆေးရုံအရောက်မှာ ဇွန် ၉ ရက်နေ့က  သေဆုံးသွားပါတယ်။

ယာဉ်ပေါ်မှာလိုက်ပါလာတဲ့ ခရီးသည်တွေကတော့ အခင်းဖြစ်ပွားရာနေရာကနေ ရန်ကုန်မြို့ကို တခြားခရီးသည်တင် ယာဉ်လိုင်းကားတွေနဲ့ လမ်းကြုံလိုက်စီးလာခဲ့ရတယ်လို့ ခရီးသည်အချို့က ပြောပါတယ်။

ဓားပြတွေဟာ ခရီးသည်တွေဆီက ရွှေငွေပစ္စည်းတွေလည်း လုယူသွားခဲ့ပြီး သက်ဆိုင်ရာက ပြစ်မှုကျူးလွန်သူတွေကို ဖမ်းမိဖို့ အမြန်ဆုံးဆောင်ရွက်နေပါတယ်။ ဒီလူတွေဟာ ဘယ်လိုအဖွဲ့အစည်းတွေက ဘယ်သူ၊ ဘယ်ဝါဆိုတာ လိုက်လံ စုံစမ်းနေဆဲဖြစ်တယ်လို့ မွန်ပြည်နယ်၊ ပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးကလည်း မီဒီယာတွေကို ပြောကြားထားပါတယ်။
လက်ရှိအခြေအနေမှာတော့ သထုံမြို့နယ် မြို့မရဲစခန်းက တရားလိုပြုလုပ်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ  ၃၉၆ အရ လူသတ်မှု၊ ဓားပြမှုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့လည်း ဆိုပါတယ်။

ကော့သောင်းတွင် မြန်မာ့လေယာဉ် ပြေးလမ်းချော်

$
0
0

ရန်ကုန် – မော်လမြိုင် – ကော့သောင်း ခရီးစဉ်တွေ ပြေးဆွဲနေတဲ့ မြန်မာ့လေကြောင်းလိုင်းက  လေယာဉ်တစီးဟာ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းလေဆိပ်မှာ ပြေးလမ်းချော်ပြီး အနည်းငယ် ပျက်စီးခဲ့တယ်လို့ မြန်မာနိုင်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - ကိုထွန်းမြင့်ထွေး

မြန်မာ့လေကြောင်း ခရီးစဉ်အမှတ် UB-309၊ လေယာဉ်အမျိုးအစား MA-60 လေယာဉ်ဟာ ဒီကနေ့ မွန်းတည့်ချိန်လောက်က မော်လမြိုင်ကနေထွက်ခွာပြီး မွန်းလွဲ ၁ နာရီ ကျော်ကျော်လောက်မှာ ကော့သောင်းလေဆိပ်အဆင်း ပြေးလမ်းရဲ့ အနောက်ဘက် ပေ ၂၀၀ အကွာမှာ လမ်းချော်ပြီး  ချုံပုတ်ထဲရောက်သွားခဲ့တာပါ။

လေယာဉ်ရဲ့ ဘယ်တောင်ပံအင်ဂျင်ကနေ မီးခိုးတွေ ထွက်လာပြီး မီးသတ်ဘူးတွေနဲ့ ငြိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ လေယာဉ်တောင်ပံ ၂ ဘက် ပန်ကာ ၂ လုံးရဲ့ ဒလက်တွေ ကျိုးပဲ့ပျက်စီးသွားပေမယ့်  ခရီးသည်တွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါလေယာဉ်ကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူ ကော့သောင်း ဒီမိုကရက်တစ်ပါတီ သတင်းနဲ့ပြန်ကြားရေးဌာနက  ဦးဇော်ထက်အောင်က သူမြင်တွေ့ခဲ့ရသမျှကို အခုလိုပြောပါတယ်။

“ပြေးလမ်း တာဝါတိုင်ရှေ့ကနေ လမ်းချော်ပြီး ချုံပုတ်ထဲ ၀င်သွားတာ။ တရုတ်က ၀ယ်ထားတဲ့ MA-60 အမျိုးအစားတွေ။ အရှေ့၊ ဘေးဘယ်ညာနဲ့ ဦးခေါင်းပိန်ရှုံ့သွားတယ်။ လေယာဉ်ပြေးလမ်းကို မသွားဘဲနဲ့ ရှေ့တည့်တည့် လယ်ကွင်း၊ တောထဲဝင်သွားတယ်။ လုံခြုံရေး ကင်းတဲနဲ့ ထိဖို့ နည်းနည်းပဲလိုတယ်။ လုံခြုံရေးကင်းတဲနဲ့ တောင်ပံထိရင် ပေါက်ကွဲနိုင်တယ်။ ဘယ်သူမှအနားကပ်မခံဘူး၊ လုံခြုံရေးတင်းကျပ်စွာ စောင့်ထားတယ်။”

လေယာဉ်ပေါ်မှာ ခရီးသည် အမျိုးသား ၃၀  အမျိုးသမီး ၂၃ ဦး၊ လေယာဉ်ဝန်ထမ်း ၆ ဦး စုစုပေါင်း ၅၉ ဦး စီးနင်းလိုက်ပါလာပြီး တဦးမှ ထိခိုက်ဒဏ်ရာရသူမရှိဘဲ ဘေးကင်းခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ့လေကြောင်းလိုင်းက ဖော်ကာ လေယာဉ်တစီးဟာ  ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့ လေယာဉ်ကွင်းမှာ ဘရိတ်ချို့ယွင်းပြီး ပြေးလမ်းကနေ ကိုက် ၂၀၀ လောက် ချော်ထွက်ခဲ့ပါသေးတယ်။

မြန်မာ့လေကြောင်းပိုင် MA_60 လေယာဉ်တွေ အခုလို မကြာခဏ ပြေးလမ်း ချော်တာတွေ ဖြစ်ပွားနေတာကြောင့် စုံစမ်းစစ်ဆေး ရေးကော်မရှင်တွေဖွဲ့ပြီး စုံစမ်းရာမှာ လေယာဉ်မှာ တပ်ဆင်ထားတဲ့စနစ်တွေနဲ့ လေယာဉ်မောင်းသူတွေ ကျင့်သုံးတဲ့ နည်းပညာတွေကြောင့် ဖြစ်နိုင် တယ်လို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောပါတယ်။

MA-60 အမျိုးအစားလေယာဉ်တွေပဲ အခုလို မကြာခဏဖြစ်နေလို့ လေယာဉ်ပျံကိုလည်း ပြန်လည်သုံးသပ်ရတော့မယ်လို့ ပြောပါတယ်။

“လေယာဉ်နဲ့ ပတ်သက်ရင် ၂ မျိုးရှိမယ်။ လေယာဉ်ရဲ့ တပ်ထားတဲ့ စနစ်တွေကြောင့် ဖြစ်နိုင်ချေရှိတယ်။ နောက်တခုက အသုံးပြုတဲ့ လေယာဉ်မှူးဘက်က ကျင့်သုံးတဲ့ နည်းပညာပိုင်းပေါ်မှာ ဖြစ်နိုင်ချေရှိတယ်။ ဒါပေမယ့် လေယာဉ်ပျံမှာက သူ့သတ်မှတ်ချက်တွေနဲ့ ပြုပြင်ထိန်းသိမ်းတဲ့ကိစ္စတွေ ပါဝင်မှာပေါ့။ ပစ္စည်းတွေ လဲလှယ်တာတို့၊ အချိန်မှန် ဒါကိုစစ်ဆေးတာတို့၊ ဒါတွေလည်း လေကြောင်းလိုင်းတွေမှာ လုပ်နေတာပဲ။ ဒါပေမယ့် လုပ်နေတဲ့အတိုင်းအတာ လုံလောက်ခြင်း ရှိမရှိဆိုတာ၊ ဒါက လေယာဉ်မှာ တပ်ဆင်ထားတဲ့စနစ်တွေပေါ့။

“ပျံသန်းနေတဲ့ လေယာဉ်မောင်းတွေကလည်း နည်းပညာပိုင်းဆိုင်ရာ မှားနေတယ်ဆိုရင်လည်း လေ့ကျင့်သင်ကြားမှုအပိုင်းမှာ ပြန်စဉ်းစားရမှာပေါ့။ အခုက မိုင်းဆတ်နဲ့ ကော့သောင်းပေါ့။ မိုင်းဆတ်မှာကတော့ စနစ်ကြောင့်လားဆိုတာ ထည့်သွင်းစဉ်းစားရမယ့်အချက်တချက်ပဲ၊ ကော့သောင်းကိစ္စကတော့ ဘာကြောင့်ဖြစ်တယ်ဆိုတာ မသေချာသေးတော့ မသိနိုင်သေးဘူး။ MA-60 အမျိုးအစား ဖြစ်နေတော့ ဒါက လေယာဉ်ပေါ်မှာ သုံးသပ်ရမယ့်ဟာမျိုးပါ ရှိလာမှာပေါ့။”

လားရှိုးတွင် ဓာတ်ဆီလောင်းမီးရှို့သူကို ထောင်ဒဏ် ၂၆ နှစ်ချမှတ်

$
0
0

ပြီးခဲ့တဲ့မေလကုန်ပိုင်းက ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး ပြဿနာအစဖြစ်တဲ့ အမျိုးသမီးတဦးကို ဓာတ်ဆီလောင်း မီးရှို့ခဲ့သူ ဦးနေ၀င်း ထောင်ဒဏ် ၂၆  နှစ် ချမှတ်ခံခဲ့ရပါတယ်။

မေလ ၂၈ ရက်နေ့က လားရှိုးမြို့ အမှတ် ၈ ရပ်ကွက်ထဲမှာ ဓာတ်ဆီရောင်းတဲ့ ဒေါ်အေးအေးဝင်းကို ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့တဲ့ ဦးနေ၀င်းကို လားရှိုးမြို့နယ်တရားရုံးက ဇွန် ၁၁ ရက်နေ့ မနက်ပိုင်းမှာ ပြစ်ဒဏ်ချမှတ်လိုက်တာလို့ လားရှိုးမြို့ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒေါ်အေးအေးဝင်းကို လားရှိုးဆေးရုံပေါ်တွင် တွေ့ရစဉ်က

“မီးရှို့မှုရယ်၊ သူ့ခန္ဓာကိုယ်ထဲမှာ မူးယစ်ဆေးဝါး တွေ့တာရယ်၊ မူးယစ်ဆေး သုံးစွဲတာရယ် အဲဒါတွေနဲ့ ထောင်ဒဏ် ၂၆ နှစ် ချလိုက်တယ်။ စိတ်ရောဂါမရှိပါဘူး။ သူက မခံချင်တာပေါ့။ သူ့ကို ဘာလို့ကြည့်တာလဲပေါ့။ ဒီဆိုင်ရှေ့မှာ ဘာလို့ ခဏခဏ လျှောက်တာလဲ၊ တုတ်နဲ့ရိုက်မယ်ဘာညာနဲ့ အဲဒီကနေပြီး ပဋိပက္ခတွေဖြစ်ပြီး ဒေါသအလျောက် လုပ်လိုက်တာပေါ့။ ပုဂ္ဂိုလ်ရေးဖြစ်တာလို့ပဲ ကျနော် ပြောချင်ပါတယ်။ ”

ဓာတ်ဆီလောင်းမီးရှို့ခံရသူ မအေးအေးဝင်းကတော့ မီးလောင်ဒဏ်ရာတွေကို ပလပ်စတစ်ဆာဂျရီနည်းနဲ့ ကုသဖို့အတွက် ဒီကနေ့မနက်ဘဲ လားရှိုးကနေ မန္တလေးမြို့ကို ထွက်ခွာသွားပြီလို့  မိသားစုဝင်တဦးက ပြောပါတယ်။

စစ်ဆေးချက်တွေအရ ကျိုင်းတုံမြို့နယ်က  နိုင်ငံသားကတ်ကိုင်ဆောင်သူ ဦးနေ၀င်းဟာ စိတ်မနှံ့သူ မဟုတ်ဘဲ ဒေါ်အေးအေးဝင်းကို ဒေါသအလျောက် မီးရှို့ခဲ့တာဖြစ်ပြီး  လူမျိုးရေး၊ ဘာသာရေးတွေနဲ့လည်း  မသက်ဆိုင်ဘူးလို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဒါပေမယ့် ဆူပူသူ လူတစုက အစ္စလာမ်ဘာသာဝင်တို့ ၀တ်ပြုရာဗလီနဲ့ အဆောက်အဦတွေ မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တဲ့အတွက် ဒီကိစ္စမှာ ပါဝင်ပတ်သက်သူလို့ ယူဆရတဲ့ လူပေါင်း ၆၀ ကျော်ကို ဆက်လက်အရေးယူဖို့ စိစစ်နေကြောင်း၊ စစ်ဆေးပြီး ဆူပူမှုမှာ မသက်ဆိုင်ဘူးဆိုရင် ပြန်လွှတ်ပေးမယ်လို့ ဆိုပါတယ်။

အခုလောလောဆယ် လားရှိုးဆူပူမှုမှာ ပါဝင်တယ်လို့ ယူဆရသူ ၁၄ ဦးကို မြို့နယ်တရားရုံးမှာ ရုံးတင်စစ်ဆေးနေတယ်လို့ ဒီဗွီဘီသတင်းထောက် ကိုခွန်ဇော်ဦးက ပြောပါတယ်။

လားရှိုးမှာ အခု အခြေအနေတွေ တည်ငြိမ်နေပြီး လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ အေးအေးဆေးဆေးနဲ့ ပုံမှန်သွားလာ ရောင်းဝယ်ဖောက်ကားနေကြောင်း၊ ပုဒ်မ ၁၄၄ အရေးပေါ်အခြေအနေကို လုံးဝ ရုပ်သိမ်းတာ မရှိသေးပေမယ့် သွားလာခွင့်အချိန်ကို  ည ၁၀ နာရီ ကနေ မနက် ၃ နာရီထိ ဖြေလျော့လိုက်ပြီး လုံးဝရုပ်သိမ်းဖို့လည်း အစီအစဉ်ရှိတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။

မေလ ၂၈ ရက်ကနေ့က စတင်ဖြစ်ပွားခဲ့တဲ့ ဆူပူမှုတွေကြောင့် လားရှိုး မန်ဆူကျောင်းတိုက်မှာ ၀င်ရောက်ခိုလှုံနေကြတဲ့ ပြည်သူပေါင်း ၁၀၀၀ ကျော်လည်း အိမ်ပြန်ကုန်ပြီလို့ ကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။

မေ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူနေအိမ် ၅ လုံး၊ ဘာသာရေးအဆောက်အအုံ ၃ လုံး၊ ရုပ်ရှင်ရုံ ၁ ရုံ၊ ဂိုဒေါင် ၄ လုံး၊ ဆိုင်ခန်း ၃၂ ခန်း၊ ကား ၂ စီးနဲ့ ဆိုင်ကယ် ၁၁ စီး ပျက်စီးခဲ့ပြီး လူ ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

ပခုက္ကူ ဆူပူလှုံ့ဆော်မှု အချိန်မီထိန်းသိမ်းနိုင်

$
0
0

မကွေးတိုင်း ပခုက္ကူမြို့မှာ ဆူပူမှုဖြစ်ပွားအောင် လှုံ့ဆော်သူတချို့ လုပ်ဆောင်ခဲ့ကြပေမယ့် မြို့ပေါ်တာဝန်ရှိသူတွေ အချိန်မီဝိုင်းထိန်းလိုက်နိုင်ခဲ့ပါတယ်။

ဒီနေ့မွန်းလွဲ ၁ နာရီလောက်က ဖြစ်ပွားခဲ့တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပခုက္ကူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကိုက ပြောပါတယ်။

“ပခုက္ကူမြို့မြောက်ဖျား အမှတ် ၃ ရပ်ကွက်မှာ လူ ၄ ယောက်က ဆိုင်ကယ် ၄ စီးနဲ့ အော်သွားတယ်။ “မီးရှို့တယ်၊ ကျောင်းသောက်ရေအိုးစင်မှာ အဆိပ်ခတ်သွားတယ်” ရုတ်တရက် မသိလိုက်ကြဘူး။ အဲဒါ မြို့ပေါ် ရုတ်ရုတ်ဖြစ်သွားပြီး ကလေးမိဘတွေရော၊ တချို့လူတွေ ရောက်ချလာတယ်။ ကျောင်း ၅ ကျောင်းရှေ့မှာ၊ အထူးသဖြင့် အထက ၂ ရှေ့မှာ လူအုပ်များပြီး တုတ်၊ ဓား လက်နက်တွေ ကိုင်လာတာ တွေ့တယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ကျနော်ရယ် လူငယ်အဖွဲ့တွေရော၊ ဘုန်းကြီးတွေ ပေါင်းပြီး ဖြေရှင်းပေးလိုက်တာ၊ အခုတော့ နည်းနည်း ငြိမ်သွားပြီ” လို့ ဆိုပါတယ်။

ဆူပူမှုဖြစ်အောင် အော်သွားတဲ့သူတွေကိုတော့ ဖမ်းမမိလိုက်ကြောင်း၊ ကျောင်းရှေမှာ ရာနဲ့ချီတဲ့ လုအုပ်စုဝေးခဲ့ကြပြီး မြို့ခံမဟုတ်တဲ့ လူစိမ်းတွေ ပါဝင်နေတာလည်း မသင်္ကာစရာ တွေ့ရတယ်လို့ ပြောပါတယ်။

ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက လုံခြုံရေးတိုးချထားဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“ကောလာဟလတွေကြောင့် ကလေးတွေကို မိဘတွေက စိတ်ပူပြီး လာကြိုကြတယ်။ လုံခြုံရေးရော၊ အုပ်ချုပ်ရေးရော ပေါင်းပြီး ကလေးတွေ အေးအေးဆေးဆေးဖြစ်အောင် လမ်းရှင်းပေးတယ်။ သာမန်ရက်တွေမှာတော့ နယ်မြေရဲကင်း၊ အုပ်ချုပ်ရေးတွေ ကင်းအစောင့်ချထားတာ ရှိတယ်။ သို့သော် ဒီည ရက်ပိုင်းတွေမှာတော့ လုံခြုံရေးကို ဒီထက်ပိုပြီး တိုးမြှင့်မယ်။ သက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေး ပေါင်းပြီး ကင်းလှည့်နေမှာပါ။”
အခုလို လှုံ့ဆော်မှုမျိုး ပခုက္ကူမှာ ပထမဆုံးစတင်ဖြစ်ပွားတာပါ။ ပြီးခဲ့တဲ့ အပတ်က မနလေးမြို့မှာလည်း အလားတူ ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ဘူးပါတယ်။


လုံခြုံရေးသတိရှိရန် ကုလသမဂ္ဂက ၀န်ထမ်းများကို သတိပေး

$
0
0

ရန်ကုန်မှာ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့က နိုင်ငံခြားသူတဦး တိုက်ခိုက်ခံရပြီး လက်သည်ကို မမိသေးသရွေ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့မှာ လုပ်ကိုင်နေတဲ့သူတွေကို တဦးတည်း အပြင်ထွက်သွားလာရင် သတိထားဖို့ ရုံးတွင်း သတိပေးချက်ထုတ်ထားပါတယ်။

ဇွန် ၁၃ ရက်နေ့ညပိုင်းက ဒဂုံမြို့နယ် အလံပြဘုရားလမ်း ပလက်ဖောင်းပေါ်မှာ ကမ္ဘာစားနပ်ရိက္ခာ အစီအစဉ် (WFP) က နိုင်ငံခြားသူတဦး တဦးတည်း လမ်းလျှောက်နေစဉ်မှာ ဓားနဲ့ ထိုးခံရပြီးနောက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး လုံခြုံရေးနဲ့ပတ်သက်တဲ့ တာဝန်ရှိသူတွေက အခုလို သတိပေးနေတာလည်း ဖြစ်ပါတယ်။

တဦးတည်းမှောင်တဲ့လမ်းတွေနဲ့ လူသူကင်းမဲ့တဲ့နေရာတွေကို မသွားဖို့၊ နေ၀င်ပြီးတာနဲ့ လက်သည်မမိ မချင်း ဒီနေရာတွေကို မသွားဖို့လည်း သတိပေးထားတယ်လို့ ဒီဗွီဘီကရရှိတဲ့ စာမှာ ရေးသားထားပါတယ်။ ဒဏ်ရာရအမျိုးသမီးကို ဆေးရုံတင်လိုက်ရပြီး အခြေအနေ စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်ခံရတဲ့သတင်းနဲ့ ပတ်သက်ပြီး ရန်ကုန်အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ ပြောခွင့်ရသူ ဦးအေးဝင်းကို မေးမြန်းရာမှာ ဖြစ်ပွားမှုကိုအတည်ပြုပေမယ့် ဒီကိစ္စဟာ ကာယကံရှင်ရဲ့ ကိုယ်ရေးကိုယ်တာဖြစ်သလို ရုံးရဲ့ပေါ်လစီအရလည်း အသေးစိတ်မပြောဆိုပါဘူးလို့ ဖြေပါတယ်။

အခင်းဖြစ်တဲ့ နယ်မြေအပိုင် ဒဂုံရဲစခန်းကို မေးမြန်းရာမှာတော့ တိုက်ခိုက်ခဲ့တဲ့သူကို လိုက်လံ စုံစမ်းဖမ်းဆီးနေဆဲ ဖြစ်ပြီး ဒီအမှုကို ကိုယ်တွယ်တဲ့ ရဲတပ်ဖွဲ့ဝင် မရှိတဲ့အတွက် အသေးစိတ် မပြောနိုင်ဘူးလို့ ပြောပါတယ်။တိုက်ခိုက်ခံရသူဟာ အမေရိကန်နိုင်ငံသား တရုတ်လူမျိုး ထရီဆာဝိုင်ယီဟာ (Teresa Wai Yee Ha) ဖြစ်ပြီး အမည်မသိ အမျိုးသားတဦးက နောက်ကျောဘက်ကနေ ချုပ်ကိုင်ပြီး ချွန်ထက်သော အရာနဲ့ လည်ပင်းကို တိုက်ခိုက်ခဲ့တာလို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ လူမှုရေး ကွန်ရက်ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးပပျောက်ရေး ပူးပေါင်းဆောင်ရွက်ရန်လို

$
0
0

ကမ္ဘာပေါ်မှာ အာဖဂနစ္စတန်ပြီးရင် ဒုတိယမြောက် ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံဟာ နှစ်အတန်ကြာရပ်တည်နေဆဲဖြစ်ပြီး ရှမ်းပြည်နယ်ဟာ အစိုက်ဆုံးနေရာဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

မြန်မာအစိုးရကလည်း  ၂၀၁၄ ခုနှစ်ကို မူးယစ်ဆေးဝါးကင်းစင်တဲ့နှစ်လို့ သတ်မှတ်ထားရာက နောက်ထပ် ၅ နှစ်ထိ သက်တမ်းတိုးလိုက်ပါတယ်။

ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုကြောင်း ရှမ်းနိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။

မူးယစ်ဆေးပပျောက်ရေး အောင်မြင်အောင် မဆောင်ရွက်နိုင်သေးတာနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “နံပါတ်တစ်က နိုင်ငံရေးပြေလည်မှုမရလို့၊ နှစ်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ပေါ်လစီမမှန်လို့ပါ။ နံပါတ် ၃ က တကယ်တိုက်ဖျက်ချင်စိတ်ရှိဖို့ လိုတယ်။ တကယ် တိုက်ဖျက်ချင်တဲ့စိတ် မရှိသေးလို့ပါ။ နံပါတ် ၄ က ဒေသဖွံ့ဖြိုးရေးမရှိလို့၊ အဲဒီဒေသတွေမှာ ကားလမ်းတွေပေါက်မယ်၊ လျှပ်စစ်မီးတွေ ရှိမယ်၊ တရားဥပဒေစိုးမိုးမယ်ဆိုရင် မူးယစ်ဆေးဝါး မရှိနိုင်ပါဘူး” လို့ ပြောပါတယ်။

မူးယစ်ဆေးဝါး  တိုက်ဖျက်ရေးလုပ်ငန်းမှာ  နိုင်ငံရေးပါတီတွေအနေနဲ့ အစိုးရကို ကျော်ပြီး လုပ်ပိုင်ခွင့်မရှိကြောင်း၊ အစိုးရသာလျှင် အောင်မြင်အောင် ဆောင်ရွက်နိုင်မယ်လို့ ဆိုပါတယ်။

အစိုးရရော၊ ကုလသမဂ္ဂနဲ့ပါ ရှမ်းပြည်နယ်တွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေကို ပူးပေါင်းတိုက်ဖျက်သွားဖို့ လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က အခုထိ လုပ်ငန်း အကောင်အထည်ဖော်လို့ မရသေးကြောင်း ပြောပါတယ်။

“ကျနော်တို့ စံပြစီမံကိန်းအဖြစ်နဲ့ မိုင်းပန်နဲ့ မိုးနဲမှာ မူးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်းတွေ ရေးဆွဲဖော်ဆောင်သွားဖို့ တာချီလိတ်၊ ကျိုင်းတုံမှာ သဘောတူညီချက်ရပေမယ့် လုပ်ငန်းဖော်ဆောင်ရာမှာ အစိုးရအဖွဲ့ပိုင်းက လုံခြုံရေးပိုင်းမှာ အားလုံးတာဝန်ယူမယ်ပြောတယ်။ ဒါပေမယ့် ကျနော်တို့က စံပြစီမံကိန်းမှာ အဖက်ဖက်က ပူးပေါင်းပါဝင်နိုင်ဖို့အရေး ပြောတယ်။ ဒီနေရာမှာ အမြင်မတူတာတွေရှိတယ်။ လက်နက်မကိုင်ရဆိုတဲ့ ကိစ္စကပါလာတော့၊ နောက် စံပြစီမံကိန်းမှာလည်း လုံခြုံစိတ်ချရတဲ့နေရာမှာဖြစ်ရမယ်ဆိုတော့ အမြင်ချင်းကွဲသွားတာ ရှိသလို နောက်ပိုင်း အထက်အမိန့်မရသေးလို့ ဆိုပြီး ဒေသခံသက်ဆိုင်ရာတွေက ဘာမှ လုပ်ပိုင်ခွင့်မရှိတော့ ဒီလုပ်ငန်း ရပ်တန့်နေရတယ်၊ အကောင်အထည်ဖော်လို့မရနိုင်သေးတာ ဖြစ်ပါတယ်။”

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်ကတော့ တိုင်းရင်းသားအဖွဲ့တွေ  ကိုယ့်ဒေသနဲ့ကိုယ် မူးယစ်ဆေးဝါး ထိန်းချုပ်နိုင်ဖို့ လိုတယ်လို့ ပြောပါတယ်။

“ကိုယ့်ဒေသမှာ မဖျက်သိမ်းနိုင်ဘူး၊ မတရားဆီးနိုင်ဘူးဆိုရင် ကိုယ့်တိုင်းရင်းသား၊ လူမျိုးပဲ လူမျိုးတုံးမှာလေ။ ဒေသမှာဖြစ်ဖြစ်၊ နိုင်ငံတော်မှာဖြစ်ဖြစ် မကြိုးစားဘူး၊ ပျောက်အောင် မလုပ်ဘူး၊ မတားဆီးနိုင်ဘူးဆိုရင် ဒေသကလူငယ်တွေ၊ ဒေသ တိုင်းရင်းသားတွေ လူညွန့်တုံးမှာလေ။ ဒေသအကျိုးစီးပွား၊ နိုင်ငံအကျိုးစီးပွား၊ လူမျိုးအကျိုးစီးပွားအတွက် အားလုံး ၀ိုင်းဝန်ပြီး ပိတ်ပင် တားဆီးမှုတွေ လုပ်ရမယ်။”

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ရဲ့ ပြောခွင့်ရ ဗိုလ်မှူးစိုင်းလကတော့ ရှမ်းပြည်မှာ လက်နက်ကိုင်အဖွဲ့တွေများပြီး အချို့လက်နက်ကိုင်အဖွဲ့တွေက မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတာကြောင့် မူးယစ်ဆေးဝါး ပပျောက်မှုမရှိသေးတာဖြစ်ကြောင်း၊ အားလုံး တက်ညီလက်ညီ လုပ်ဆောင်ဖို့ လိုတယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ်မှာ မြို့နယ်ပေါင်း ၅၅ ခုရှိတဲ့ထဲက ၄၀ ကျော်မှာ ဘိန်းစိုက်ပျိုးမှုနေကြောင်း၊ မြန်မာတနိုင်ငံလုံး မူးယစ်ဆေးဝါးကင်းစင်ဖို့ဆိုရင် နိုင်ငံရေးပြဿနာကို ဖြေရှင်းရမှာဖြစ်ပြီး   နိုင်ငံရေး ပြေလည်လို့ ဥပဒေစိုးမိုးရင် မူးယစ်ဆေးဝါးကိစ္စ ထိန်းချုပ်နိုင်မှာဖြစ်ကြောင်း ရှမ်းပြည်မူးယစ်ဆေးဝါး လေ့လာစောင့်ကြည့်ရေး အဖွဲ့ခေါင်းဆောင် ဦးခွန်စိုင်းက ပြောပါတယ်။

ပြင်ဦးလွင်ပေါက်ကွဲမှု ဗိုလ်လောင်း ၁ ဦး အပါအ၀င် ၃ ဦး ဒဏ်ရာရ

$
0
0

မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ ဒီနေ့ မွန်းလွဲပိုင်းက ပေါက်ကွဲမှုတခုဖြစ်ပွားပြီး စစ်သည် ၁ ဦး၊ ဗိုလ်လောင်း ၁ ဦးနဲ့ အရပ်သား ၁ ဦးတို့ ဒဏ်ရာ အသီးသီး ရရှိခဲ့ကြပါတယ်။

ပြင်ဦးလွင်မြို့ လားရှိုး- မန္တလေးလမ်းပေါ် အားကစားကွင်း ဈေးဆိုင်တိုက်တန်းရှေ့မှာ ရပ်ထားတဲ့ မော်တော်ဆိုင်ကယ်တစီးကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

ပေါက်ကွဲမှုဖြစ်စဉ်ကို သတင်းသွားရောက်ရယူခဲ့တဲ့ မြို့ခံသတင်းထောက် ဦးဇော်က “ဆိုင်ကယ်ကတော့ ဘာမှ ရစရာမရှိဘူး။ နည်းနည်းပြင်းတယ်၊ လူကတော့ သုံးယောက် ထိခိုက်သွားတယ်။  တပ်မတော်သား ၂ ယောက်၊ ဗိုလ်လောင်း ၁ ဦးနဲ့ တပ်ကြပ်ကြီး ၁ ဦး။ နောက် အရပ်သား ၁ ဦး။ သူတို့ အဲနားက ဖြတ်သွားတဲ့အချိန် မတော်တဆ ဖြစ်သွားတာ။ တယောက်က နည်းနည်းစိုးရိမ်ရတယ်ဆိုပေမယ့် ခြေတောက်လောက်ပါ။ အသက်အန္တရာယ်တော့ မရှိပါဘူး” လို့ ပြောပါတယ်။

ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ပြင်ဦးလွင်ရဲစခန်း တာဝန်ကျ ရဲအရာရှိက “စုံစမ်းရသလောက်တော့ အပူချိန်ကြောင့်ဖြစ်တယ်လို့ ယူဆရပါတယ်။ မိုင်းနဲ့ ပတ်သက်တာတော့ ဘာမှ မတွေ့ရဘူး။ အသေးစိတ်ကိုတော့ ကျနော်တို့ စစ်ဆေးနေတုန်းပါ။ ဆိုင်ကယ်အစတွေက ကျေမွသွားတော့ ဘယ်လိုကြောင့်လဲဆိုတာ အသေးစိတ်စစ်နေပါတယ်” လို့ ပြောပါတယ်။

ပြင်ဦးလွင်မြို့မှာ လွန်ခဲ့တဲ့ ၂၀၁၁ခုနှစ်က ရန်ကုန်၊ နေပြည်တော်တို့နဲ့ မရှေးမနှောင်း လူမနေတဲ့အိမ်တလုံးမှာ ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ဖူးပါတယ်။

သံတွဲ မီးရှို့ဖျက်ဆီးမှု တရားဥပဒေအရ ဖြေရှင်းရန် အစိုးရပြော

$
0
0

ရခိုင်ပြည်နယ် သံတွဲမြို့မှာ မွတ်စလင်လူနေအိမ်ခြေတချို့ ဖျက်ဆီးမီးရှို့မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။

ဇွန်လ  ၃၀ ရက်နေ့ညနေပိုင်းက ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က  အမျိုးသမီးငယ်တဦးဟာ သံတွဲမြို့မှာ ရောက်ရှိစဉ် စော်ကားခံရတယ်ဆိုတဲ့ ကောလာဟလပျံ့နှံ့ပြီး အကြမ်းဖက်မီးရှို့မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် သံတွဲမြို့နယ်ရဲတပ်ဖွဲ့က အဲဒီအမျိုးသမီးနဲ့ လူငယ် ၂ ဦးကို ရဲစခန်းမှာ စစ်မေးနေပါတယ်။

လူအုပ်စုက ဖမ်းထားတဲ့အမျိုးသား ၂ ဦးကို သူတို့လက်အပ်ဖို့ ရဲစခန်းရှေ့ကနေ အော်ဟစ် တောင်းဆိုကြတဲ့နောက် ည ၇ နာရီခန့်မှာ ပုဒ်မ ၁၈၈ လူမစုရ ဒေသန္တရအမိန့်တရပ် ထုတ်ပြန်ခဲ့ပါတယ်။

ဒီအမိန့် ထုတ်ပြန်အပြီး မကြာခင်မှာပဲ သံတွဲမြို့ပေါ်က မွတ်စလင်တွေရဲ့အိမ်တချို့ကို စတင်အကြမ်းဖက်တိုက်ခိုက်မှုကို လူအုပ်က စတင်လိုက်ကြတာကြောင့် ညနေ ၅ နာရီကနေ မနက် ၅ နာရီထိ အပြင်မထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလွင်က ပုဒ်မ ၁၄၄ ထုတ်အပြီး သူတို့ထံ ရောက်လာတဲ့ စာရင်းအရ အိမ် ၁ လုံး ဖျက်ဆီးခံရပြီး အိမ် ၄ လုံး မီးရှို့ခံရတယ်လို့ ရှင်းပြပေမယ့် အသေးစိတ်တော့ ပြောဆိုခြင်းမရှိပါဘူး။

အခုအခါ အမျိုးသမီးကို မုဒိမ်းကျင့်ခံရတာ ဟုတ်၊ မဟုတ် ဆရာဝန်ဆေးစစ်ချက် ရယူနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

“မုဒိမ်းမှုလားဆိုတော့ တိတိကျကျ စစ်ဆေးချက်ပေါ့လေ။ ဆရာဝန်တွေဘာတွေနဲ့ ဆေးစစ်ချက်ကလည်း လိုသေးတာကိုး။ ဒီအချိန် ကျနော်တို့က မုဒိမ်းမှုပါ၊ ဘာမှုပါ စသဖြင့် တိတိကျကျ ပြောဖို့က မသိသေးဘူးပေါ့နော်။ ပြောမယ်ဆိုရင် ရဲလုပ်ငန်းတွေ၊ ဓာတုဗေဒတို့ ဘာတို့ အဲဒါမျိုးတွေရှိသေးတာ” လို့ ပြောပါတယ်။

တရားခံတဦးနဲ့ အားပေးသူတဦးကိုတော့ ဖမ်းဆီးထားပြီး အခြေအနေ တည်ငြိမ်စပြုနေပြီဖြစ်ပြီး အိမ်ဖျက်ဆီးသူနဲ့ မီးရှို့သူတွေကိုတော့ ဖမ်းဆီးထားတာ မရှိဘူးလို့ ဦးကျော်စိုးလွင်က ရှင်းပြပါတယ်။

“လောလောဆယ်တော့ ကျနော်တို့က အရေးယူလို့မှ မရသေးဘဲ။ တိတိကျကျ ကျနော်တို့ကို သတင်းပို့တဲ့လူ၊ ပြောတဲ့လူလည်း လောလောဆယ် မရှိသေးဘူး။ ရှိတယ်ဆိုပေမယ့်လည်း ကျနော်တို့က ခိုင်လုံတဲ့သတင်းရမှ ဖမ်းလို့ရမှာကိုး”  လို့ ပြောပါတယ်။
မြို့နယ်ရဲတပ်ဖွဲ့နဲ့ ခရိုင်ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရဲ့ပြောခွင့်ရသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာတော့ သံတွဲမှာ အမျိုးသမီးတဦးကို စော်ကားတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်တဲ့ ရုန်းရင်းဆန်ခတ်မှုမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ခရိုင်ပြန်ဆက်မှ ကနဦး စုံစမ်းသိရှိရတဲ့သတင်းများအရ ဇွန် ၂၉ ရက်နေ့မှာ တောင်ကုတ်ကနေ သံတွဲကို အဝေးပြေးကားနဲ့ ရောက်လာတဲ့ အမျိုးသမီးတဦးဟာ ဆိုင်ကယ်ကယ်ရီနဲ့ လိုက်သွားတယ်လို့ ဖော်ပြထားပါတယ်။

ဒီနောက် ဇွန် ၃၀ ရက်နေ့ နေလယ်မှာ အဲဒီအမျိုးသမီးတယောက်တည်း ငိုနေတာတွေ့တဲ့သူများက ညနေ ၄ နာရီမှာ ရဲစခန်းကို လာပို့ကြောင်း၊ အမျိုးသမီးက သူကို ဆိုင်ကယ်ကယ်ရီသမားနဲ့ အခြားသူတဦးက စော်ကားတယ်လို့ တိုင်ကြားခဲ့ပါတယ်။

ဒါပေမယ့် ဒီအမျိုးသမီးကို အခြားဘာသာဝင်တဦးက စော်ကားတယ်ဆိုတဲ့ သတင်းစကားများ ပျံ့နှံ့သွားတဲ့အတွက် ညနေ ၅ နာရီခန့်မှာ လူ ၅၀ လောက် ရဲစခန်းကို လာရောက် စုဝေးခဲ့ကြောင်းနဲ့ ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်ဆဲဖြစ်ကြောင်း ရှင်းပြပြီး လူစုခွဲခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ည ၇ နာရီကျော်မှာ မြို့သစ်ရပ်ကွက်မှာ အိမ် ၂ လုံး မီးရှို့မှုဖြစ်ပွားခဲ့ပြီး မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ တာဝန်ရှိသူတွေက ညမထွက်ဖို့ လှည့်လည်ကြေညာနေပြီး မြို့ အ၀င်အထွက်လမ်းတွေ ပိတ်ထားကြောင်း၊ ပြစ်မှုကျူးလွန်သူတွေကို ရဲက ဖော်ထုတ်အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးဌာနမှူး ဦးဝင်းမြိုင်ကို ဒီဗွီဘီကမေးမြန်းတဲ့အခါ ဒီကိစ္စနဲ့ ပတ်သက်ပြီး  သံတွဲရဲစခန်းက တရားခံလို့ ယူဆရသူကို ဖမ်းဆီးထားပြီး အမျိုးသမီးကိုလည်း ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။

လူစုလူဝေးနဲ့ ရဲစခန်းမှာ တောင်းဆိုခဲ့ကြပြီး ကားတွေနဲ့ အိမ်တွေ ဖျက်ဆီးခဲ့တာတွေအပေါ် ဦးဝင်းမြိုင်က ဝေဖန်လိုက်ပြီး  တရားဥပဒေကို လေးစားလိုက်နာဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“ဌာနဆိုင်ရာအနေနဲ့ပဲဖြစ်ဖြစ်။ ပြည်နယ်အစိုးရအနေနဲ့ပဲဖြစ်ဖြစ် ပြစ်မှုတခုဖြစ်လာပြီဆိုရင် ဥပဒေအတိုင်းဆောင်ရွက်ဖို့၊ ဆောင်ရွက်တဲ့အခါမှာလည်း အချိန်ကို စောင့်ပေးဖို့ လိုအပ်ပါတယ်။ လူအုပ်နဲ့ဝိုင်းပြီးတောင်းဆိုတာတို့၊ ဥပဒေမဲ့လုပ်တာတို့ကတော့ မကောင်းပါဘူး။ ဥပဒေအရ ဆောင်ရွက်သွားတယ်ဆိုရင် ရုန်းရင်းဆန်ခတ်လည်း မဖြစ်ပါဘူး” လို့ ပြောပါတယ်။

ဒီဗွီဘီက ဒေသခံတွေကို မေးမြန်းရာမှာ ည ၇ နာရီကနေ မနက် ၅ နာရီထိ လူ ၅ ယောက်ထက် ပိုမထွက်ရဆိုတဲ့ ဒေသန္တရအမိန့်ထုတ်ပြန်လိုက်ချိန် ည ၇ နာရီခန့်မှာပဲ သံတွဲမြို့ပေါ်က မွတ်စလင်ဘာသာရေးခေါင်းဆောင်တဦးရဲ့အိမ်ကို စတင်ဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။

အဲဒီအချိန်မှာပဲ သံတွဲမြို့တဖက်ကမ်းက ဒွာရာဝတီမြို့သစ်ဘက်က ဦးဘို၊ ဦးသိန်းဝင်း၊ ဒေါ်ဝင်းကြည်၊ ဦးမောင်ကြီး၊ ဦးမောင်လေးနဲ့ ဦးထွန်းနိုင်တို့ရဲ့အိမ်တွေ ပိုင်ဆိုင်မှုတွေကို ထုရိုက်ဖျက်ဆီးကြတယ်လို့ ပြောပြပါတယ်။

နယ်မြေခံ မွတ်စလင်အမျိုးသမီးတဦးက “တိုင်ကြားဖို့ဟာ မရဲဘူးပေါ့နော်။ သူတို့ကတောင် ပေါ်တင်ကြီး လျစ်လျူရှုထားတဲ့အခါကျတော့ အလုပ်ခံရသူတွေကလည်း တိုင်ကြားဖို့ မရဲဖြစ်နေတာပေါ့။ ကွဲသွားတဲ့ လူစုဟာ အခုဖျက်ဆီးမီးရှို့တဲ့နေရာကို ရောက်သွားပြီးတော့ လုပ်နေတာကို ရဲတွေက မြို့ထဲမှာပဲ ပတ္တရောင်လှည့်နေတယ်။ ဘာမှ အရေးယူဆောင်ရွက်ခြင်းမရှိဘူး။ ဟန့်တားခြင်းမရှိဘူး”လို့ ပြောပါတယ်။

ဒီနေ့မွန်းတည့်မှာ ညမထွက်ရအမိန့်ကို ည ၇ နာရီကနေ မနက် ၁၀ နာရီထဲ ပြောင်းလဲ သတ်မှတ်တယ်လို့ သူက ပြောပါတယ်။

သံတွဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဝင်းနိုင်ကတော့ ဒီကိစ္စဟာ ဖန်တီးတဲ့လုပ်ရပ် ဖြစ်တယ်လို့ ဝေဖန်ပြောဆိုပါတယ်။

“ဒီကိစ္စကို လုပ်ဖို့အတွက် ပြီးခဲ့တဲ့ ၁ ပတ်လောက်ကပဲ ဆွဲရမ်းမှု ဘာညာ။ ဘာသာမတူတဲ့ ကလေး ၁ ယောက် မဟုတ် ၂ ယောက်က ဆွဲရမ်းမှုလုပ်ပြီး ပြဿနာတခုဖန်တီးမယ်ဆိုတာ ပြီးခဲ့တဲ့ ၆ ရက်လောက်ကပဲ ကျနော်တို့ သတင်းရထားပါတယ်။ အဲဒါဟာ အခုမှ ပေါ်လာတာပေါ့။ ချက်ချင်း ကောက်ရိုးမီးလို ပျံ့နှံ့သွားတာကတော့ ကြိုတင်ပြင်ဆင်ထားလို့ ဖြစ်ပါလိမ့်မယ်။“

ဦးဝင်းနိုင်ကတော့ အိမ်မီးရှို့ခံရတာ ၁၀ လုံးနဲ့ ဖျက်ဆီးခံရတာ ၁၀ လုံး ရှိတယ်လို့ အိမ်ရှင်တွေရဲ့ အမည်စာရင်းနဲ့ ပြောပါတယ်။

မနှစ် ဇွန် ၃ ရက်နေ့တုန်းက တောင်ကုတ်မြို့မှာ မွတ်စလင် ၁၀ ဦးကို ခရီးသည်တင်ကားပေါ်က ဆွဲချပြီး လူအုပ်စုလိုက် အကြမ်းဖက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ဖူးပြီး တရားခံတဦးကိုမှ ပြစ်ဒဏ်စီရင်နိုင်ခြင်းမရှိသေးပါဘူး။ မနှစ်ကစတင်တဲ့ ရခိုင်ပြည်နယ် အကြမ်းဖက်မီးရှို့မှုဖြစ်စဉ် ၂ ခုကြောင့် လူပေါင်း ၁ သိန်း ၄ သောင်းလောက်ကို အကူအညီပေးနေရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

သံတွဲမှာ လူအုပ်စုက ပုဒ်မ ၁၄၄ ကို ဖီဆန်ပြီး အိမ်ကို မီးတင်ရှို့

$
0
0

ရခိုင်ပြည်နယ် သံတွဲမြို့မှာ လူအုပ်စုတစုက ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဖီဆန်ခဲ့ကြသလို နေအိမ်တလုံးကို မီးတင်ရှို့လိုက်ကြပါတယ်။

ဇွန် ၃၀ ရက်နေ့ ညပိုင်းက သံတွဲမြို့တဖက်ခြမ်း ဒွာရာဝတီမြို့သစ်မှာ အကြမ်းဖက်အုပ်စုတစုက နေအိမ်တွေကို ဖျက်ဆီးအကြမ်းဖက်ခဲ့ကြလို့ ည ၇ နာရီကနေ မနက် ၅ နာရီအထိ အပြင်မထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာပါ။

ဒါပေမယ့် လူအုပ်စုတစုဟာ ညမထွက်ရအမိန့်ကို ရဲရဲတင်းတင်းဖီဆန်ပြီး ဒွာရ၀တီမြို့သစ် ခ ရပ်ကွက် ၄ လမ်းက မွတ်စလင်အမျိုးသား ဦးသန်းလွင်ရဲ့ နေအိမ်ကို ဇူလိုင် ၁ ရက်နေ့ ညမှာ မီးတင်ရှို့ခဲ့ကြပါတယ်။

ကနဦးရက်ပိုင်းက အကြမ်းဖက်မီးရှို့မှုတွေကြောင့် ဦးသန်းလွင်တို့ မိသားစုအိမ်မှာမရှိခိုက် မီးရှို့ခံခဲ့ရတာလို့ သံတွဲမြို့ခံတဦးက ပြောပါတယ်။

ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက

“အိမ်က တလုံးပေါ့ခင်ဗျ။ လူနေတာမရှိတဲ့ အိမ်တလုံးကို မီးရှို့လိုက်တာပေါ့။ ကျနော်တို့ကလည်း အဲဒီအချိန်မှာ လုံခြုံရေးချနေတုန်းပေါ့။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုတော့ ဖမ်းဆီးမှုအခြေအနေကို ညွှန်ကြားထားပါတယ်။ အဲဒီအခြေအနေနဲ့ပတ်သက်ပြီး သူတို့ စုံစမ်းစစ်ဆေးပြီးတော့ ဖမ်းဆီးဖို့အတွက်ကို ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်” လို့ ဆိုပါတယ်။

မနေ့ကရော ဒီနေ့မှာပါ ရခိုင်ပြည်နယ်အစိုးရ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း သံတွဲမြို့ကို ရောက်ရှိပြီး လုံခြုံရေးအတွက် အနီးကပ်ကွပ်ကဲနေကြောင်းနဲ့ အကြမ်းဖက်မှုကို မကျူးလွန်ကြဖို့လည်း သူက တိုက်တွန်းပြောဆိုပါတယ်။

“ဒီ အကြမ်းဖက်မှုကို ကျူးလွန်တယ်ဆိုတာလည်း ကောင်းတဲ့လုပ်ငန်းတော့ မဟုတ်ဘူးခင်ဗျ။ အကြမ်းဖက်မှုကို နိုင်ငံတော်အနေနဲ့လည်းလက်မခံဘူး။ ဘာသာအနေနဲ့လည်း လက်မခံတဲ့အတွက်ကြောင့် အကြမ်းဖက်မှုကို မလုပ်ပါနဲ့လို့ ကျနော်တို့အနေနဲ့ တိုက်တွန်းလိုပါတယ်။ ဥပဒေအနေအထားကတော့ ကျနော်တို့အမှုတွေကို စုံစမ်းစစ်ဆေးပြီးတော့ အမှုတွဲကို တည်ဆောက်နေပါတယ်ခင်ဗျ။”

သံတွဲမြို့က သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့ဝင်လည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သံတွဲခရိုင်ဥက္ကဋ္ဌ ဦးဝင်းနိုင်ကတော့ မနေ့ညက မီးတင်ရှို့မှုမဖြစ်ပွားခင်မှာ သံတွဲမြို့ပေါ်မှာ ကား ၂ စီးနဲ့ မော်တော်ဆိုင်ကယ်အစီး ၂၀ ခန့်ဟာ ပုဒ်မ ၁၄၄ ကို ကျော်လွန်ပြီး လမ်းပေါ်မှာ သွားလာနေတာကို အုပ်ချုပ်ရေးပိုင်းကို ပြောပေမယ့်  မတားမြစ်ခဲ့ဘူးလို့ ပြောပြပါတယ်။

“ပါဂျဲရိုး ၁ စီးနဲ့ စူပါကာစတန် ၁ စီး. မော်တော်ဆိုင်ကယ် ၂၁ စီးနဲ့ သူတို့ဟာ ၇ နာရီနောက်ပိုင်း (ပုဒ်မ ၁၄၄ ထုတ်ထားချိန်) သူတို့သွားနေတယ်။ သွားနေတာကိုလည်း ကျနော်တို့ပြောပါတယ်။ အာဏာပိုင်ကို၊ ဒါတွေသွားနေတယ်။ ဒါတွေဟာ ပြည်သူတွေ အထိတ်တလန့် ဖြစ်နေတယ်။ သူတို့တွေကို လွှတ်ထားရင် အထိတ်တလန့် ဖြစ်နေရတယ်လို့ ကျနော်တို့ကို ရုံး (သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့ဝင်များကို လုံခြုံရေးအတွက်ပေးနေသည့်  အုပ်ချုပ်ရေးပိုင်းဆိုင်ရာရုံး) ကို ဖုန်းဆက်နေတယ်ဆိုတာကို ကျနော်တို့က ပြောပြတယ်။ ဒါကို ဒီနေ့တော့ ထားလိုက်ပါဦးဗျာတဲ့။ မနက်ဖြန်မှပဲ အရေးယူမယ် ဘာညာဆိုပြီး မြို့နယ်ဦးစီးအရာရှိက ပြောတယ်။”

သံတွဲမြို့ သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့ကို လွန်ခဲ့တဲ့ မတ်လတုန်းက မြို့မိမြို့ဖတွေ၊ ဌာနဆိုင်ရာတွေ၊ နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေ ၄၀ ခန့်နဲ့ စုဖွဲ့ထားပြီး အခုလို အကြမ်းဖက်မီးရှို့မှုကာလမှာ ရုံးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ခွင့်ပြုထားတာလို့ ဆိုပါတယ်။

မနေ့ည မီးရှို့မှုဖြစ်ပွားစဉ်က သံတွဲမြို့မှာ ပြည်နယ်အစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ပြည်နယ်လွှတ်တော် တရားရေးဌာနက ဦးအောင်နိုင်ဦးနဲ့ စည်ပင်သာယာဝန်ကြီး ဦးလှဟန်တို့လည်း ရောက်ရှိနေချိန် ဖြစ်ပါတယ်။

ရှေ့နေများကွန်ရက်အဖွဲ့ဝင် ရှေ့နေ ဦးကိုနီက သံတွဲကိစ္စအပေါ်မှာ တာဝန်အရှိဆုံးဟာ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဖြစ်ပြီး ချက်ချင်းအရေးယူဖို့ လိုအပ်တယ်လို့ ဥပဒေကြောင်းအရ ထောက်ပြပါတယ်။

“ဥပမာ မုဒိမ်းမှုဖြစ်တယ်ဆို မုဒိမ်းမှုကျူးလွန်တဲ့တရားခံကို ချက်ချင်းအရေးယူသလို၊ အိမ်ကိုမီးရှို့တယ်ဆိုရင် အဲအမှုက ထောင်ဒဏ် ၁၀ နှစ်ထိ ချလို့ရတယ်။ အင်မတန်ကြီးကျယ်တဲ့အမှု၊ ဒါလည်း အရေးယူရမယ်။ အလားတူ သူများအိမ်တွေကို ဖျက်ဆီးတယ်ဆိုရင်လည်း ဖျက်ဆီးတဲ့လူကို ချက်ချင်းအရေးယူရမယ်။ နောက်တခါ ၁၄၄ ကို ဖီဆန်တဲ့သူကိုလည်း ဖီဆန်တဲ့အမှုနဲ့ ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက် ရောက်အရေးယူသွားမယ်ဆိုရင် ပြဿနာဟာ အခုလို အကျယ်အကျယ် မငြိမ်းဖွယ် ဖြစ်လာစရာမရှိဘူး။ ဒီသံတွဲဖြစ်တာဟာ တဖြည်းဖြည်းနဲ့ကူးစက်လာတာ။ နေရာအနှံ့ ကူးစက်နေတဲ့သဘောပဲ။ နေရာအနှံ့မှာ ပြည်ထဲရေးဌာနက ဆောင်ရွက်ချက်တွေဟာ အင်မတန် အားရဖွယ်ရာ မကောင်းလောက်အောင် အားနည်းနေတဲ့အတွက် ဒီပြဿနာတွေဟာ ဆက်ကာဆက်ကာ ဖြစ်နေတယ်။”

သံတွဲမြို့ခံမွတ်စလင်တဦးက “ပုဒ်မ ၁၄၄ အပေါ်မှာ ပြည်သူလူထုအနေနဲ့ ခွဲခြားဆက်ဆံမှုမရှိဘဲနဲ့ ဘယ်လိုခေါ်မလဲ မွတ်စလင်က အပြင်ထွက်လာရင် ဖမ်းဆီးမယ်။ မွတ်စလင်ဆိုရင် အရေးယူတယ်။ ဗုဒ္ဓဘာသာဆိုရင် ဘယ်လောက်ပဲ အိမ်ဖျက်ဖျက်၊ ရှေ့က ပဋိပက္ခဖြစ်တဲ့မြို့နယ်တွေမှာ ကျနော်တို့က ကြုံတွေ့လာရတဲ့အခါ ဒါကို အရမ်းစိုးရိမ်မိတယ်ပေါ့” လို့ ပြောပါတယ်။

မနေ့ညက မီးရှို့မှုကို မီးသတ်ကားတွေနဲ့ သွားရောက်ငြိမ်းသတ်ခဲ့ရသလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အန်တုတဲ့ မီးရှို့သူတွေအကြား တင်းမာမှုကြောင့် သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရပြီး အနည်းဆုံး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့် ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဇွန် ၃၀ ရက်နေ့က ဖျက်ဆီးမီးရှို့မှု၊ ကန့်သတ်ချိန်ကျော်ပြီး ယာဉ်တန်းနဲ့ သွားလာမှု၊ အိမ်မီးရှို့မှုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တစုံတဦးကိုမှ ရဲက ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူးလို့ သံတွဲမြို့ခံက ပြောပါတယ်။
ဒီလိုအခြေအနေတွေကြောင့် သံတွဲမြို့မှာ ကျောင်းသားမိဘတွေက ကိုယ့်ကလေးတွေကို လုံခြုံရေးအရ ကျောင်းမတက်ခိုင်းတာတွေ ဖြစ်ပွားသလို ဈေးတွေလည်း အပြည့်အ၀ မဖွင့်နိုင်တဲ့အခြေအနေ ဖြစ်နေပါတယ်။

မြန်မာနိုင်ငံသား ၃ ဦးထံမှ ဘတ်သန်း ၁၀၀ နီးပါး တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

$
0
0

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့မှာ မြန်မာနိုင်ငံသား ၃ ဦးဆီက တန်ဖိုး ထိုင်းဘတ်ငွေ သန်း ၁၀၀ လောက်ရှိတဲ့ ဘိန်းဖြူတွေ ဖမ်းဆီးရမိတယ်လို့ ချင်းရိုင်းခရိုင် ရဲတပ်ဖွဲ့က ဒီနေ့မနက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားကြောင်း ထိုင်းနိုင်ငံ ဒေးလီးနယူးသတင်းမှာ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ - dailynews)

ချင်းရိုင်းခရိုင် မူးယစ်ရဲတပ်ဖွဲ့နဲ့ ရာဇ၀တ်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့တွေဟာ နယ်စပ်တလျှောက်နဲ့ ခရိုင်ထဲမှာရှိတဲ့ မြို့နယ်တိုင်းကို အဖွဲ့ခွဲပြီး သတင်းရထားတဲ့နေရာ၊ မသင်္ကာဘွယ်နေရာတွေက ရာဇ၀တ်မှုတွေ၊ အထူးသဖြင့် မူးယစ်ဆေးဝါး လက်လီလက်ကား ရောင်းဝယ်ဖြန့်ဖြူးသူတွေ၊ သုံးစွဲသူတွေနဲ့ လိုင်စင်မဲ့ လက်နက်ကိုင်ဆောင်သူတွေကို ၀င်စစ်ဆေးရာမှာ မြန်မာဘက်ကနေ ၀င်လာတဲ့ ဘိန်းဖြူကို ဖမ်းဆီးမိခဲ့တာလို့ ချင်းရိုင်းခရိုင် အမှတ် ၅ ရဲတပ်ဖွဲ့ ဒု-ညွှန်မှူး ရဲမှူးကြီး နိုင်ချမ်းနန်း လုတ်လျိုးက ပြောပါတယ်။

မြန်မာနိုင်ငံသားတွေ ဖြစ်တဲ့ ဒေါ်ဆွေ အသက် ၂၈  နှစ်၊ ဦးကျာရိန် အသက် ၃၀၊ ကိုလောဝင်း အသက် ၁၆  နှစ်တို့ ၃ ဦး ပိုင်ဆိုင်တဲ့ ခရီးဆောင်လက်ဆွဲအိတ်တွေထဲကနေ ဘိန်းဖြူ အလေးချိန် စုစုပေါင်း ၈ ဒဿမ ၉ ကီလိုဂရမ်ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

မသင်္ကာဖွယ် သူတို့ ၃ ဦးကို တက္ကစီမောင်းသမားတဦးရဲ့ သတင်းပေးချက်အရ မဲဆိုင်မြို့နယ် ၀ိန်းဖန်ခမ်းရပ်ကွက် နယ်မြေ ၈ ထဲမှာရှိတဲ့ ဖတ်ချရားဖွန်း ဟိုတယ်မှာ ဇူလိုင် ၂ ရက်နေ့က ၀င်ရောက်တည်းခိုစဉ် ဖမ်းဆီးရမိခဲ့တာလို့ ရဲမှူးကြီးက ပြောပါတယ်။

မြန်မာနိုင်ငံသား ၃ ဦးရဲ့ ၀န်ခံထွက်ဆိုချက်အရ သူတို့ဟာ မြန်မာဘက်ခြမ်း တာချီလိတ်- မယ်ဆိုင်တံတား နိုင်ငံကူးဂိတ်ကနေ ၀င်ရောက်ခဲ့တာလို့ ဆိုပါတယ်။

မယ်ဆိုင်ဂိတ်ကနေ ဓာတ်ရောင်ခြည် စစ်ဆေးရေးကိရိယာကို ဖြတ်လာနိုင်ခဲ့တာဟာ ဘိန်းဖြူတွေကို ကာဗွန်စက္ကူနဲ့ အတွင်းက တထပ် ထုတ်ပိုးထားတဲ့အပြင် အပြင်မှာလည်း ဖလင်ပြားနဲ့ နောက်ထပ် ထုပ်ပိုးထားတဲ့အတွက် စစ်ဆေးရေးစက်က မတွေ့နိုင်ကြောင်း၊ အဲဒီ ဘိန်းဖြူတွေဟာ နယ်စပ်မှာ ကာလတန်ဖိုး ၁ ကီလိုကို ဘတ် ၈  သိန်းကနေ ၁ သန်းထိ ရှိပြီး ဘန်ကောက်အတွင်းပိုင်း ရောက်သွားရင်တော့ သန်း ၁၀၀ လောက် ဖြစ်သွားနိုင်တယ်လို့ ရဲမှူးကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

သံတွဲမြို့ တည်ငြိမ်စပြု

$
0
0

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်တဲ့ တတိမြောက်ရက်မှာ ရဲတပ်ဖွဲ့က လုံခြုံရေး ပိုမိုတင်းကျပ်လိုက်ပြီးတဲ့နောက် အခြေအနေ တည်ငြိမ်စပြုလာတယ်လို့ မြို့ခံတွေနဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အခြေအနေတည်ငြိမ်စပြုနေပြီး   မီးရှို့ဖျက်ဆီးသူတွေကို ဖမ်းဆီးစစ်မေးဖို့အတွက် လိုက်လံစုံစမ်းနေတယ်လို့ သံတွဲမြို့နယ် ရဲစခန်းက ပြောဆပါတယ်။

သံတွဲမြို့ အကြမ်းဖက်မီးရှို့မှုနဲ့ပတ်သက်လို့ ရဲက တစုံတဦးကိုမှ ဖမ်းဆီးအရေးယူထားခြင်း မရှိတဲ့အပေါ်လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

ဇွန် ၃၀ ရက်နေ့ညက စတင်တဲ့အကြမ်းဖက်မီးရှို့မှုကြောင့် ညမထွက်ရအမိန့် ချက်ချင်း ထုတ်ပြန်ခဲ့ပေမယ့် နောက်နေ့ညမှာလည်း တားမြစ်တဲ့အကြားက မြို့တွင်းမှာ လူအုပ်စုလိုက်ကားတွေနဲ့ လှည့်လည်ခဲ့သလို အိမ်တလုံးလည်း မီးရှို့ခံခဲ့ရပါတယ်။ဇူလိုင် ၂ ရက်နေ့ညကတော့ မီးရှို့မယ်ဆိုတဲ့ ကောလာဟလထွက်ခဲ့ပါသေးတယ်။

သံတွဲမြို့မှာ ရခိုင်ပြည်နယ်အစိုးရ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းကိုယ်တိုင် ရောက်ရှိကိုင်တွယ်နေပါတယ်။

မနေ့ကတော့  ရဲတပ်ဖွဲ့ဝင်နှစ်ဦးက အမှတ် (၃) ရပ်ကွက်မှာ မွတ်စလင်စာရင်းကို လ၀ကထံ သွားရောက်တောင်းယူကြောင်းနဲ့ ဒီဆောင်ရွက်ချက်ကြောင့် မွတ်စလင်တွေက စိုးရိမ်ကြပေမယ့် ဒါဟာ သက်ဆိုင်ရာက မွတ်စလင်တွေအတွက် လုံခြုံရေးယူပေးဖို့ စီစဉ်ဆောင်ရွက်တာလို့ သိရကြောင်း မြို့ခံက ပြောပါတယ်။

ကျောင်းတက်ရောက်သူ ဦးရေနည်းနေဆဲဖြစ်ပြီး ဈေးကလည်း ပုံမှန်အတိုင်း ပြန်မစည်ကားသေးဘူးလို့ နယ်မြေခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
မီးဘေးသင့်သူတွေနဲ့ အိမ်ဖျက်ခံနေရသူတွေကလည်း နီးစပ်ရာ ဆွေမျိုးမိတ်ဆွေတွေထံမှာ ခိုလှုံနေကြပြီး သက်ဆိုင်ရာဆီကနေ အကူညီလိုအပ်နေတယ်လို့လည်း ဆိုပါတယ်၊

အစိုးရဘက်က ပျက်စီးဆုံးရှုံးမှု အရေအတွက်စာရင်း မထုတ်ပြန်သေးပေမယ့် လွန်ခဲ့တဲ့ရက်ပိုင်းက အကြမ်းဖက်မီးရှို့မှုတွေကြောင့် အိမ် ၁၀ လုံးမီးလောင်ကျွမ်းပြီး ၁၀ လုံး ဖျက်ဆီးခံရတယ်လို့ နယ်မြေခံတွေအဆိုအရ သိရပါတယ်။


ဆေးခြောက်လက်ဝယ်တွေ့ရှိမှုဖြင့် ရဲတိုက် ဖမ်းဆီးခံရ

$
0
0

သရုပ်ဆောင် ရဲတိုက်ကို  ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်မှာ မူးယစ်းဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။

သရုပ်ဆောင် ရဲတိုက်ကို ဆေးခြောက် ၁ ကျပ်သားနဲ့အတူ ကျောက်တံခါးမြို့နယ် ဧရိယာအတွင်း မနက် ၃ နာရီဝန်းကျင်မှာ ဖမ်းဆီးရရှိခဲ့တယ်လို့ မြို့နယ်ရဲစခန်း ရဲအုပ် သန်းဝင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။
ဒီနေ့မနက်မှာ သရုပ်ဆောင်ရဲတိုက်ကို မူးယစ်ဆေးဝါးပုဒ်မနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သူက ပြောပါတယ်။

သရုပ်ဆောင် ရဲတိုက်ဟာ ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးရဲ့ စင်တင်မင်းသားဖြစ်ပြီး  ပရိသတ် အားပေးမှု ရနေသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလပိုင်းကလည်း သူဟာ ရန်ကုန်မြို့က စိန့်မေရီဘုရားရှိခိုးကျောင်းရှေ့မှာ ဘုရားကျောင်းက တာဝန်ရှိသူတချို့ကို ဒူးထောက်ဆန္ဒပြခဲ့တဲ့အတွက်  ထိန်းသိမ်းခံခဲ့ရပါသေးတယ်။
ဘုရားကျောင်းက သူ့ကို ဘုရားကျောင်းထဲဝင်ခွင့်မပေးလို့ဆိုရာက တကိုယ်တော်ဆန္ဒပြခဲ့တာဖြစ်ပြီး ဘုရားကျောင်းဘက်က တာဝန်ရှိသူတွေကလည်း ခရစ်ယာန်ဘာသာဝင်တွေရဲ့ ဘုရားဝတ်ပြုတဲ့အလေ့နဲ့ ဆန့်ကျင်နေလို့ သူ့ကိုဝင်ခွင့်မပေးခဲ့တာပါ။

နောက်ဆုံးမှာ သရုပ်ဆောင်ရဲတိုက်ကပဲ စိန့်မေရီဘုရားကျောင်းကို သူ့ရဲ့အပြုအမူနဲ့ပတ်သက်ပြီး တောင်းပန်ခဲ့လို့ ဘုရားကျောင်းဘက်က အမှုရုပ်သိမ်းပေးခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂ ဦးကို သာသနာညှိုးနွမ်းအောင်လုပ်မှုဖြင့် တရားစွဲ

$
0
0

မလေးရှားနိုင်ငံကို သွားရောက်ဖို့အတွက် မြန်မာနိုင်ငံကို သင်္ကန်းဝတ်နဲ့ ၀င်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ ဦးကို ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ဘာသာသာသနာကို ညှိုးနွမ်းအောင်ပြုလုပ်မှုနဲ့ တရားစွဲဆိုထားပါတယ်။

ဇူလိုင် ၉ ရက်နေ့ နေ့ခင်းပိုင်းက ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက ပိုလိုတည်းခိုခန်းမှာ သင်္ကန်းဝတ်နဲ့ သံဃာ ၂ ပါး ရောက်ရှိတည်းခိုပြီး အရပ်ဝတ်နဲ့ ထမင်းထွက်စားတယ်ဆိုတဲ့ သတင်းအရ စစ်ဆေးခဲ့တာပါ။

(ဓာတ်ပုံ - Yangon Police)

အသက် ၃၀ နီးပါးအရွယ် ပါစူကျစ်ဘာရနဲ့ အန်တာဘာရုတို့ ၂ ယောက်စလုံးဟာ  ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပြီး မလေးရှားမှာ သွားအလုပ်လုပ်ဖို့ ဘန်ကောက်ကနေတဆင့် ၀င်ရောက်ခဲ့တာကို ရဲက စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

စခန်းက ရဲအုပ် အောင်နိုင်မြင့်က ဒီ ၂ ဦးကို ဘာသာသာသနာကို ညှိုးနွမ်းအောင်ပြုလုပ်မှုနဲ့ တရားစွဲသလို  မလေးရှားနိုင်ငံကို ပို့ဆောင်ပေးဖို့ စီစဉ်တဲ့ သာကေတမြို့နယ် ၇ အရှေ့ရပ်ကွက်နေ လင်မယားစုံတွဲတတွဲကိုလည်း ဖမ်းဆီးမိပြီး လူကုန်ကူးမှုနဲ့ စွဲဆိုထားတယ်လို့ ရဲအုပ်အောင်နိုင်မြင့်က  ပြောပါတယ်။

“အဲဒီ ၂ ယောက်ကနေပြီးတော့မှ အစီအစဉ်ဆွဲပေးတာပေါ့။ သူတို့ ၂ ယောက် စလာတော့ ဘင်္ဂလားဒေ့ရှ်ကနေ လာတယ်။ ထိုင်းမှာ လေယာဉ်ပြောင်းစီးတယ်၊ ရန်ကုန်ကို ၀င်လာတယ်ပေါ့။ အခု သူတို့ ၂ ယောက်ကို စပြီးတော့ ဟိုဟာ (ဖမ်းဆီး) လုပ်လိုက်တယ်၊ မွတ်စလင် ဇနီးမောင်နှံ ၂ ယောက်ကိုလည်း ခေါ်လို့ရပြီး စစ်နေတယ်။ သူတို့ကိုလည်း ကျနော်တို့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၆၇/ ၃၇၀ နဲ့လေ အရေးယူဖို့ ရှိပါတယ်။ ကျနော်က ဒီအမှုရဲ့ တရားလိုပါ။”

ဒီအမှုဟာ သူတို့မြို့နယ်တွင်းမှာ ပထမဆုံးဖြစ်ပွားခဲ့တာဖြစ်ပြီး  မှုခင်းပညာပေးအစီအစဉ်တွေ လုပ်ပြီး ပြည်သူလူထုကို ချပြသွားမယ်လို့ သူက ပြောဆိုပါတယ်။

ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရသည့် မြန်မာအမျိုးသမီး ၁၀ ဦးကို ကယ်တင်

$
0
0

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ပြည့်တန်ဆာအဖြစ် အတင်းအကျပ်ခိုင်းစေခံနေရတဲ့ မြန်မာအမျိုးသမီး ၁၀ ဦးကို ဇူလိုင်လ ၁၀ ရက်နေ့ညက ထိုင်း-မြန်မာပူးပေါင်းပြီး ကယ်ထုတ်လိုက်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် ကရပူရီမြို့နယ် နန်းယန်းလှေဆိပ်က  အိမ်ခန်း ၅ ခုမှာ  မြန်မာမိန်းကလေးတွေ  ပြည့်တန်ဆာအဖြစ် အတင်းအကျပ် ခိုင်းစေခံနေရတယ်ဆိုတဲ့ တိုင်ကြားချက်အရ ထိုင်းနိုင်ငံ အထူးမှုခင်း စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့၊ ဖန်ငအခြေစိုက် ပညာရေးဖောင်ဒေးရှင်းအဖွဲ့ဝင်တွေ၊ ထိုင်းရောက် မြန်မာအလုပ်သမား ကူညီရေးအဖွဲ့တွေ ပူးပေါင်း ကယ်တင်လိုက်တာ ဖြစ်ပါတယ်။

ကူညီကယ်ထုတ်ပုံခဲ့ပုံကို မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ ဒါရိုက်တာ ဦးကျော်သောင်းက “မနေ့က ကျနော်တို့ ည ၈ နာရီလောက်မှာ ဒေသခံ ရဲတွေနဲ့ သွားဝိုင်းတဲ့အခါမှာ အလုပ်ရုံ ၅ ခုစလုံး အားလုံး ပိတ်လိုက်ပြီးတော့ မြန်မာ ပြည့်တန်ဆာတွေကို အကုန်လုံး တောထဲကို ခနရှောင်နေကြဆိုပြီးတော့ ရှောင်ခိုင်းထားတယ်တဲ့။ သွားဝိုင်းတဲ့အခါ ကျနော်တို့ တယောက်မှ မတွေ့တော့ ကျနော်တို့ အဖွဲ့ထဲက တယောက်က ဟိုသွားဒီသွား ရှာနေတယ်။ အဲဒီအချိန်မှာ မမျှော်လင့်ဘဲနဲ့ ထားဝယ်က အမျိုးသမီး  အသက် ၂၂ နှစ်လောက်၊ နောက် ၁၇ နှစ် အရွယ် ကောင်းမလေးတယောက်က ထွက်လာတဲ့အချိန်မှာ ကျနော်တို့ အဖွဲ့နဲ့ တွေ့ပြီးတော့ ကျနော်တို့က တိုးတိုးတိတ်တိတ် ပြောတယ်။ သမီးတို့ကို လာဖမ်းတာ မဟုတ်ဘူး၊ သမီးတို့ မိဘတွေဆီ ပြန်ပို့မှာ သမီးတို့ ဒီဘ၀က မလွတ်မြောက်နိုင်တာ ဦးတို့ သိလို့ လာကယ်ထုတ်တာ သမီးဆိုတော့ သူတို့ ယုံကြည်သွားတယ်။ သူတို့ ထလိုက်ကြတယ်။ ကျနော်တို့ရှေ့မှာ ဟေး ဒီဘ၀က လွတ်ပြီး လွတ်ပြီး လွတ်ပြီး အသံထွက်အော်ပြီးတော့ ကကြတာဗျ။ ဒါနဲ့ ကျနော်တို့ တနာရီလောက်ကြာအောင် ပတ်ပြီးတော့ ရှာကြတယ်။ နောက်ဆုံးကြတော့ သူတို့ တဖြည်းဖြည်း ထွက်လာကြတယ်၊ ဆိုတော့ ကျနော်တို့ စုစုပေါင်း ၁၀ ယောက် အောင်အောင်မြင်မြင်ပဲ ကျနော်တို့ ကယ်တင်နိုင်ခဲ့တယ်” လို့ ပြောပါတယ်။

တောထဲ ရှောင်းတိန်းခိုင်းထားတဲ့အထဲမှာ မြန်မာမိန်းကလေး စုစုပေါင်း ၅၀ ရှိပြီး ၁၀ ယောက်ပဲ ထွက်လာတာလို့ ဆိုပါတယ်။

ပြန်လွတ်လာသူတွေဟာ အသက် ၁၆ နှစ်ကနေ ၂၄ နှစ်အကြား အရွယ်တွေဖြစ်ပြီး ရန်ကုန်နဲ့ တနင်္သာရီတိုင်းက ဖြစ်ကြောင်း၊ သူတို့ထဲမှာ ပြည့်တန်ဆာလုပ်သက် ၃ လကနေ ၈ နှစ်အထိ သက်တမ်းရှိ သူတွေပါဝင်ကြောင်း၊ ၁၆ နှစ်ရွယ် မိန်းကလေးမိန်းကလေး ၁ ဦးဟာ အဲဒီကို စရောက်တုန်းက အပျိုဖော်မ၀င်သေးဘူးလို့ ဦးကျော်သောင်းက ပြောပါတယ်။

သူတို့ ၁၀ ဦးထဲက  ၁ ဦးကို  ခင်ပွန်းသည်ထံ အပ်နှံခဲ့ပြီး မြန်မာပြည်ကို ၂ ဦး ပြန်သွားသလို ကျန် ၇ ဦးကိုတော့ ကရပူရီခရိုင် အမျိုးသမီး ကယ်ဆယ်ရေးဂေဟာမှာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ပြောပါတယ်။

မိန်းကလေးအများစုဟာ ရောင်းစားခံရလို့ ရောက်လာတာဖြစ်ပြီး ဧည့်သည်တွေကို ငြင်းခွင့်မရှိ၊ ရွေးခွင့်မရှိ၊ ငြင်းရင် ထမင်းဖိုးမရကြောင်း၊ မိန်းမကိုယ်မှာ ဒဏ်ရာရသူ ၃ ဦးရှိပြီး အလုပ်ရှင်က မကုသပေးတဲ့အတွက် အခုအပြင်မှာ ကုသနေရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည့်တန်ဆာခန်းပိုင်ရှင်ကို လိုအပ်သလို စစ်ဆေးအရေး ယူပေးဖို့ ဒီကနေ့မနက်ဘဲ ကရပူရီမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ခဲ့ကြောင်း၊ ရဲစခန်းက မန်နေဂျာ ၂ ယောက်ကို ဖမ်းထားပြီး ပိုင်ရှင်ကိုတော့ မမိသေးဘူးလို့ ဦးကျော်သောင်းက ပြောပါတယ်။

မိန်းကလေးတွေ သွားရောက်ကူညီဖို့ လိုအပ်တဲ့ စရိတ်တွေကို ထိုင်းနိုင်ငံ မြန်မာသံရုံးက ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သံမှူး ဦးနိုင်ထွန်းက ကူညီပြီး အခြားလိုအပ်တဲ့ စရိတ်တွေကိုတော့ နီးစပ်ရာ အလှူရှင်တွေဆီက ကောက်ခံနေတယ်လို့ ပြောပါတယ်။

လွတ်မြောက်လာတဲ့ မိန်းကလေးတဦးက “သမီးကို ခေါ်လာတုန်းကတော့ လေယာဉ်နဲ့ ခေါ်လာတယ်။ ခေါ်လာတဲ့ ပွဲစားမက ဇင်မျိုး။ သမီးကို ထိုင်းနိုင်ငံမှာ အထည်ရောင်း၊ အထည်ဆိုင်ပေါ့။ မြန်မာငွေ ၁ လကို ၁ သိန်းရမယ်ပေါ့နော်။ သမီးကလည်း အိမ်မှာ ဒုက္ခရောက်တယ်ဆိုတော့ အဲဒါဆို သမီးလိုက်မယ်၊ လမ်းစရိတ်ကတော့ တလပဲ လုပ်ရတယ် သမီးရယ်တဲ့။ ဒီဘက်ရောက်ရော ရနောင်းမှာ သမီးကို အပြင်လည်း ပေးမလွှတ်ဘူး၊ တယောက်ကတော့ အဲဒီလိုမျိုး ဧည့်သည်နဲ့ ထွက်ပြေးသွားလို့ မိသွားတော့ အသတ်ခံလိုက်ရတယ်လို့ ပြောတာပဲ။ အခုအချိန်အထိ ပြန်မပေါ်လာတော့ဘူး။ တယောက်ကတော့ သမီးနဲ့ ပြေးရင်းနဲ့ ဟိုရောက်ဒီရောက်နဲ့ မလေးကို တယောက်က ရောက်သွားတယ်။ ကျန်တဲ့တယောက်ကတော့ ရနောင်းမှာ ကျန်ခဲ့တယ်။ ဘာမှ အစအန ရှာမတွေ့ဘူး။ တယောက်ကတော့ သေသွားပြီ ဓာတ်ပုံလည်းပါလာတယ်။ သမီးသူငယ်ချင်းအကြောင်း သမီးလည်း ၀မ်းနည်းတယ်။ သမီးကတော့ လွတ်မြောက်သွားပေမယ့် သူကတော့ ဒီထိုင်းနိုင်ငံမှာ အသက် စတေးခဲ့ရတယ်ဆိုတော့ သမီးအရမ်းဝမ်းနည်းတယ်၊ သမီးသူငယ်ချင်းဆိုတော့ သမီးတော်တော် စိတ်မကောင်းဖြစ်မိတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးကျပ်တည်းမှုကြောင့် နယ်စပ်ဖြတ်ကျော် အလုပ်လုပ်နေကြတာဖြစ်ပြီး ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား သုံးသန်းကျော်လောက် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းနဲ့ အိမ်ဖော်အလုပ်တွေမှာ လုပ်ကိုင်နေကြပါတယ်။

ဂေးလူငယ်များအပေါ် မန္တလေးရဲ ပြုမူချက် တိုင်ကြားမည်

$
0
0

မန္တလေးကျုံးဘေးမှာ ရဲတပ်ဖွဲ့က ဂေး (gay) လူငယ်တချို့ကို ဖမ်းဆီးထိန်းသိမ်းစဉ်မှာ လူ့ဂုဏ်သိက္ခာကို ညှိုနွမ်းအောင် လုပ်ဆောင်ခဲ့တဲ့ကိစ္စကို လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားသွားမယ်လို့ လူ့အခွင့်အရေးသမားတွေနဲ့ ဂေးအခွင့်အရေးသမားတွေက ပြောပါတယ်။

မန္တလေးမှာ မှုခင်းကြိုတင်ကာကွယ်တဲ့အနေနဲ့ ပြီးခဲ့တဲ့အပတ်က ဂေးတွေကို လိုက်လံ ဖမ်းဆီးခဲ့တာလို့ အမှတ် ၃ ရဲစခန်းက ပြောပါတယ်။

ဒါပေမယ့် ဒီလို လိုက်လံဖမ်းဆီမှုတွေမှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ပါနေတယ်လို့   ဒေသခံ လိင်တူချစ်သူများကွန်ရက်က ပြောဆိုပြီး လူ့အခွင့်အရေးအဖွဲနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေကို တိုင်ကြားမယ်လို့ ကွန်ရက်တာဝန်ရှိသူက ပြောပါတယ်။

“ရဲ အရာရှိတွေက ဥပဒေဘောင် အပြင်ကို ကျော်လွန်ပြီး ကျနော်တို့တွေအပေါ်မှာ စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း၊ လိင်ပိုင်းဆိုင်ရာအရသော်လည်းကောင်း စေတ်ာကားတာမျိုးတွေ ခံဝန်ကတိ အတင်းအဓမ္မထိုးခိုင်းတာတွေရှိတယ်။ ကျနော်တို့အနေနဲ့ နားလည်တဲ့ ရှေ့နေပညာရှင်တွေနဲ့ တိုင်ပင်ပြီးတဲ့အခါကျတော့ ဖြစ်စဉ်တွေမှာ ဒီ ဥပဒေဘောင်အထက် ကျော်လွန်ပြီးတော့ လုပ်ဆောင်တာမျိုးတွေ စစ်ဆေးတွေ့ရှိခဲ့ရင် လူ့အခွင့်အရေးကော်မရှင်ရုံးကိုလည်း တိုင်ကြားသွားမယ်၊ ပြည်နယ်အစိုးရအဖွဲ့ကိုလည်း တိုင်းကြားသွားမယ်။”

ညီမျှခြင်းမြန်မာ (Equality Myanmar) လူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာ ဦးအောင်မျိုးမင်းကလည်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဂေးလူငယ်တွေအပေါ် ပြုမူချက်ကို သက်ဆိုင်ရာအသီးသီးကို တိုင်ကြားမယ့် အပြင် ဇူလိုင် ၁၄ ရက်နေ့မှာ သတင်းစာရှင်းလင်းမယ်လို့ ပြောပါတယ်။

“လိင်သူချင်း ချစ်သူတွေ ဖြစ်တဲ့အတွက်  သူတို့ အပေါ်မှာ အရှက်ခွဲတဲ့ ပုံစံမျိုးနဲ့ ဆံပင် အတုတွေ ဆွဲချွတ်တယ်ဆိုတာ ကြားရတယ်။ နောက် ခန္ဓာကိုယ် အပေါ်ပိုင်းကို အတင်းချွတ်ပြပြီးတော့ ဓာတ်ပုံရိုက်တာ ကြားရတယ်။ နောက်တခါမှာ သူတို့နဲ့ ပတ်သက်ပြီးတော့ မချေမငံ လိင်ပိုင်ဆိုင်ရာ ပြောဆိုပြီးတော့ မော်ဒယ်ရှိုးလို လျှောက်ခိုင်းတယ်ဆိုတဲ့ စွပ်စွဲသံတွေ ကျနော်တို့ ကြားရတယ်။ ဒါကတော့ ဘယ်လိုမှ မလုပ်သင့်တဲ့ အရာပါ။ ဒီအချက်ကိုလည်း ကျနော်တို့ လူ့အခွင့်အရေး ချိုးဖောက်မှု တရပ်အနေနဲ့ မြင်ပါတယ်။ ဒါကြောင့်မို့လို့ လိုအပ်သလို ဆက်လက် တိုင်ကြာသွားဖို့ ကျနော်တို့ ပြင်ဆင်နေပါတယ်။”

မန္တလေးအမှတ် ၃ ရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ ရုပ်ဖျက်ထားတဲ့အတွက် ဖမ်းဆီးတာလို့ ပြောပါတယ်။

“သူတို့က အခြောက်တွေဆိုတော့ အခြောက်အ၀တ်အစားဝတ် ပုံဖျက်ပြီးတော့ ကျနော်တို့  ကျုံးဘေးမှာပေါ့လေ။ ပြစ်မှု တစုံတရာ ကျူးလွန်ရန် အနေအထားတွေနဲ့ သူတို့ ပုံဖျက်ပြီးတော့ အဲဒီကျုံးလမ်းက တိုင်တယ်။ အဲဒါမျိုး ကျနော်တို့က ပုံဖျက်တယ်ဆိုတော့ ရဲ အသုံးစကားနဲ့ တရားစွဲပါတယ်။ ၇၊ ၈၊ ရက် ၅ မှု ရှိပါတယ်။ တမှုကို တဦးပါပဲ၊ လူဦးရေက ၅ ယောက်ပေါ့။ ပြစ်မှု တစုံတရာ ကျူးလွန်နိုင်ဖွယ် ရှိရင်တော့ မှောင်ရိပ်တို့၊ လမ်းကြိုလမ်းကြားတွေမှာ ပြစ်မှု ကြိုတင်ကာဖို့အတွက် ကျနော်တို့ ဆက်လက်ဖမ်းမယ် ထင်ပါတယ်။”

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၁ ဦး ရေနစ်သေဆုံး

$
0
0

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွာပါ မြို့နယ်ထဲမှာ မြန်မာအလုပ်သမားတစု ပင်လယ်ထဲ ရေဆင်းကစားရင်း ၂ ဦး ရေနစ်ပြီး ၁ ဦး သေဆုံးသွားခဲ့ပါတယ်။

အလုပ်သမားတွေဟာ ဇူလိုင် ၁၄ ရက်နေ့က တကွာပါ မြို့နယ် ၀ပ်ယန်းယောင် ဘုန်းကြီးကျောင်းမှာ ၀ါဆိုသင်္ကန်းကပ်ပွဲလုပ်ပြီး ညနေပိုင်း ကျောင်းတိုက်နားက ပင်လယ်ကမ်းစပ်မှာ ရေဆင်းကစားရင်း ရေနစ်ခဲ့တာလို့ ဖန်ငအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းတာဝန်ခံ ကိုမိုးဝေက ပြောပါတယ်။

“တကွာပါ မြို့နယ်မှာ ဘုရားပွဲအကြီးတခုလုပ်တယ်။ စူရတ်ဌာနီက လူ ၁၀၀ နီးပါလောက် လာတယ်၊ ညနေဘက် ဘုရားပွဲပြီးလို့ ကမ်းခြေမှာ ရေသွားကူးကြတယ်။ လူ ၅၀ လောက်ကူး နေတဲ့ကြားထဲမှာမှ မိုးလည်း နည်းနည်းရွာတယ်၊ လေလည်း တော်တော်တိုက်တယ်။ ဒေသခံလှေတွေ ပေးမထွက်တဲ့ အချိန်မှာ သူတို့လည်း မသိဘဲနဲ့ ဆင်းကူးမိရင်းနဲ့ အဲဒီလို ဖြစ်သွားတာ။”

ရာသီဥတုမကောင်းဘဲ ရေထဲဆင်းချိန်မှာ လှိုင်းထန်လာပြီး ၂ မီတာလောက်မြင့်တဲ့ ရေလှိုင်းတခုက အလုပ်သမား  ၂ ဦးကို ပုတ်ခတ်သွားတာလို့ ဆိုပါတယ်။
နမ့်ခိမ်းနာရေးကူညီမှုအသင်းက ရေနစ်တဲ့ အလုပ်သမားတဦးကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး တကွာပါဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်။ နောက်တဦးကိုတော့ ဇူလိုင် ၁၅ ရက်နေ့ နေ့လယ် ၁ နာရီအချိန် နမခင်း ကမ်းခြေမှာ အလောင်းပြန်တွေ့တယ်လို့ ကိုမိုးဝေက ပြောပါတယ်။

သေဆုံးသွားသူဟာ မြန်မာနိုင်ငံ တနင်္သာရီတိုင်း ပုလောမြို့နယ်က  အသက် ၂၄ နှစ်ရွယ် ကိုချမ်းစုအောင် ဖြစ်ပြီး ဆုရတ်ဌာနီက ကွန်ဒုံစက်ရုံမှာ အလုပ်လုပ်နေကြောင်း၊ သူရဲ့အလောင်းကို ဆွေမျိုးတွေက ဆူရတ်ဌာနီကို ပြန်သယ်သွားပြီး ဒီကနေ့ ညနေပိုင်း သင်္ဂြိုဟ်မယ်လို့ ကိုမိုးဝေက  ပြောပါတယ်။

Viewing all 80 articles
Browse latest View live