Quantcast
Channel: DVB »မှုခင်း
Viewing all 80 articles
Browse latest View live

တောင်ကုတ်လူသတ်မှု သံသယရှိသူများကို ဖမ်းဆီး

$
0
0

မနှစ်က တောင်ကုတ်မြို့ မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံရမှုမှာ ဦးဆောင်တယ်လို့ သံသယရှိသူ ၆ ဦးကို နေပြည်တော်က တိုက်ရိုက်ကွပ်ကဲမှုနဲ့ တောင်ကုတ်မြို့ကနေ ဇူလိုင် ၁၇ ရက်နေ့ညမှာ ဖမ်းဆီးလိုက်တယ်လို့ သံတွဲခရိုင် သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့က အဖွဲ့ဝင် ဦးဝင်းနိုင်က ပြောပါတယ်။

ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ သံတွဲမြို့ကို နေပြည်တော်ရဲတပ်ဖွဲ့က ရောက်လာပြီး ဖမ်းဆီးမှုကို သတင်းမပေါက်ကြားအောင် စီစဉ်ဖမ်းဆီးခဲ့တာဖြစ်ပြီး သံတွဲထောင်မှာ ချုပ်နှောင်ထားတယ်လို့ သူက ပြောပါတယ်။

“နေပြည်တော်က ဆင်းလာတဲ့ရဲက သံတွဲရဲကို အကူအညီတောင်းပြီးတော့ သံတွဲမှာရှိတဲ့ ရဲတွေရဲ့ဖုန်းတွေကိုပါ သိမ်းလိုက်တယ်။ ပြီးတော့ ကားပေါ်တက်ဆိုပြီးတော့ ပထမတော့ သူက မြောက်ဘက်ကို အယောင်ပြတာပေါ့။ သွားတာက တောင်ကုတ်သွားတာ။ မြောက်ဘက်က ကျောက်ကြီးဆိုတဲ့ရွာကို အယောင်ပြတာ။ ကျောက်ကြီးကိုဖုန်းဆက်တော့လည်း ဖုန်းတွေက ပိတ်ထားတယ်။ နောက် ၁၀ နာရီ ၄၀ မိနစ်မှာ ကျနော့်ဆီကို ဖုန်းဝင်လာတယ်။ ကား ၄ စီးဖြတ်သွားတယ်။ ရဲတွေလည်းပါသွားတယ်ပေါ့။ ဒီတော့ အခြေအနေတခုကို စောင့်ကြည့်ရမယ်ပေါ့။ သွားတာကိုတော့ သိတယ်။ အပြန်မှာ ၆ ယောက်ဖမ်းမိတယ်၊ ပြီးခဲ့နှစ် ဇွန် ၃ ရက်နေ့က သတ်တဲ့အမှုနဲ့ ၇ ဦး ဖမ်းဖို့ရာမှာ ၁ ဦးက လွတ်သွားတယ်တဲ့။ တောင်ကုတ်ကျတော့လည်း ရဲတွေကို လက်ကိုင်ဖုန်းတွေ သိမ်းပြီးတော့ ဘယ်အိမ်၊ ဘယ်သူဆိုတာကို သူတို့က စုံစမ်းပြီးသားဖြစ်နေတာ” လို့ ပြောပါတယ်။

သံတွဲမြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ အထက်က စီစဉ်တာဖြစ်လို့ ပြောလို့ မရဘူးလို့ ဖြေပါတယ်။

သံတွဲခရိုင် အုပ်ချုပ်ရေးမှူးရုံးကတော့ ဒီကိစ္စကို သူတို့မသိပါဘူးလို့ ဖြေပါတယ်။ သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေကို ဆက်သွယ်ရာမှာ သူ့ရဲ့ကိုယ်ရေးအရာရှိက သတင်းညှိနှိုင်း အစည်းအဝေးလုပ်နေလို့ မအားသေးဘူးလို့ ဖြေပါတယ်။

တောင်ကုတ်ဒေသခံတွေကို မေးမြန်းတဲ့အခါ ဒီကိစ္စကို ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်းကျမှ ကြားသိရပြီး နယ်မြေခံတပ်ကလူတွေတောင် မသိဘူးလို့ ပြောပါတယ်။

ဖမ်းဆီးခံရသူ ခြောက်ဦးကတော့ ဘူတာရပ်ကွက်က ကိုလေးမောင် ခေါ် ကိုထွန်းနိုင်၊ ကန်ပိုင်ရပ်ကွက်က ကိုမောင်ပု၊ မီးစက်ကွက်သစ် (၁)်ရပ်ကွက်က ကိုသိန်းရွေမောင်၊ ကန်ပိုင်ရပ်ကွက်က ဦးထွန်းကျော်၊ ကိုပေါက်စီ (ခေါ်) ကိုထွန်းမြင့် တို့ ဖြစ်တယ်လို့ တောင်ကုတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က ပြောပါတယ်။

မနှစ် ဇွန် ၃ ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ မွတ်စလင် ၁၀ ဦးကို အမည်မသိ လူအုပ်စုတစုက သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။

သံတွဲမြို့ကနေ ရန်ကုန်ကို သွားတဲ့ကားတစီးကို တောင်ကုတ်မြို့အရောက်မှာ ကားပေါ်ပါ မွတ်စလင် ၈ ဦးနဲ့ သံတွဲမြို့ခံ ၂ ဦးကို အမည်မသိ လူအုပ်စုတစုက တုတ်၊ ဓားတွေနဲ့ ရိုက်နှက် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်မဖြစ်မီ မနက်ပိုင်းလောက်ကတည်းက ရခိုင်ပြည်နယ် ကျောက်နီမော်ကျေးရွာမှာ သတ်ဖြတ်ခံရတဲ့ အမျိုးသမီးတဦးရဲ့ပုံတွေ တောင်ကုတ်မြို့မှာ ပျံ့နှံ့ခဲ့ပါတယ်။

ဒီအကြမ်းဖက်သတ်ဖြတ်မှုကြောင့် နောက်ပိုင်းမှာ ရခိုင်ပြည်နယ် နေရာအတော်များများမှာ နေအိမ်မီးရှို့မှုတွေနဲ့ သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။


ရေနွေးပူလောင်းခံရသည့် ကရင်မိန်းကလေး ခွဲစိတ်မှုအောင်မြင်

$
0
0

ထိုင်းနိုင်ငံအလယ်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင်အတွင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ ထိုင်းအလုပ်ရှင် လင်မယားက ရေနွေးပူနဲ့ လောင်းလို့ ဒဏ်ရာအကြီးအကျယ်ရခဲ့တဲ့ ကရင်မိန်းကလေးကို ခွဲစိတ်ကုသမှု ပြီးစီးသွားပြီ ဖြစ်ပြီး ကျူးလွန်သူ တရားခံ ၂ ဦးကတော့ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

ရေနွေးပူနဲ့ အလောင်းခံရလို့ တကိုယ်လုံးနီးပါး ဒဏ်ရာရပြီး ဘယ်ဘက်လက်နဲ့ ချိုင်းအောက်က အသားကပ်သွားကာ လှုပ်ရှားလို့မရအောင် ဖြစ်သွားတဲ့ ကရင်မိန်းကလေးငယ် နောင့်အဲကို ဘန်ကောက်  ရာမဓိပတိ  ဆေးရုံကြီးမှာ ပြီးခဲ့တဲ့လပိုင်းက ခွဲစိတ်ကုသပေးခဲ့တဲ့အတွက် အခြေအနေ ကောင်းမွန်လာပြီလို့ ကမ်ဖိုင်ဖစ်ခရိုင် မိသားစုကယ်ဆယ်စောင့်ရှောက်ရေးဂေဟာရဲ့ ညွှန်ကြားရေးမှူး ခွန်ထန၀ပ်ဆထစ်က  ပြောပါတယ်။

ခွဲစိတ်မှု မခံယူသေးခင်က တွေ့ရသည့် နောင့်အဲ

“နောင့်အဲကို ၂ ခါ ၊ ၃ ခါ ခွဲစိတ်ပြီးသွားပါပြီ။ လက်မောင်းရော၊ လည်ပင်းရောနဲ့ ချိုင်းကြားရော အခုပုံမှန်ဖြစ်ပြီ။ လက်မောင်းလှုပ်လို့ ရသွားပြီ။ ရင်သားထိပ်က ဒဏ်ရာပဲ နည်းနည်း ခွဲဖို့ ကျန်တယ်။ အနာဟောင်းတွေ ကျက်အောင်စောင့်ရမယ်။ မတ် ၁၄ ရက်ကတည်းက ဆေးရုံတက်တာ ခုထိ မပြန်ရသေးဘူး။”

ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အရေပြားတွေ နဂိုအတိုင်း ပြန်ကောင်းဖို့ အချိန်ယူရမှာ ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာမှာတော့ သူတို့ဆီလာတုန်းကလို ကြောက်ရွံ့မှုတွေ မရှိတော့ဘဲ ရွှင်ရွှင်လန်းလန်းနဲ့ စားနိုင်၊ အိပ်နိုင်ပြီး အခြေအနေတိုးတက်လာတယ်လို့ ဆိုပါတယ်။

သူမကို နှိပ်စက်ခဲ့တဲ့ ထိုင်းလင်မယား ၂ ဦးဖြစ်သူ နိုင်းနထိဒိုင်းအွန်နဲ့ နန်းဆောင်ရတ်တနကွန်းတို့ ၂ ဦးကတော့ အာမခံငွေ ၇ သိန်း အရှုံးခံပြီး ထွက်ပြေးနေတယ်လို့ ကမ်ဖိုင်ဖစ်ခရိုင်ရဲစခန်း အထူးစုံစမ်းစစ်ဆေးရေးဌာန ဒုရဲမှူးကြီး ဆူဝစ်ချား နွန်းကျွမ်းက ပြောပါတယ်။

“သူတို့ကို လွန်ခဲ့တဲ့ ၃ ၊ ၄ လကတည်းက ဖမ်းမိန့်ထုတ်ထားတာပါ။ အခု လောနိုင်ငံဘက်ကို တိမ်းရှောင်သွားတယ်လို့ သတင်းရတယ်။ အဲဒီအတွက် နယ်စပ်လ၀ကရုံးတွေရော၊ အိမ်နီးချင်း  လောနိုင်ငံက တာဝန်ရှိသူတွေပါ အကြောင်းကြားထားပါတယ်။ တရားခံကို ဖမ်းမိဖို့အတွက် လူအင်အားရော၊ ကုန်ကျစရိတ်ရန်ပုံငွေတွေပါ ဖြည့်တင်းပြီး ကြိုးစားနေပါတယ်။ ဒီအမှုမှာ တစိတ်တပိုင်းပတ်သက်နေတဲ့ နန်းရတနကွန်းရဲ့ အမေလည်း  အာမခံအဆင့် ၃ နဲ့ ပြင်ပကနေ တရားရုံးမှာ လာပြီး အစစ်ခံနေပါတယ်။”

ထွက်ပြေးလွတ်မြောက်နေတဲ့သူတို့ ၂ ဦးကို ဖမ်းမိရင် ဆုငွေ ထိုင်းဘတ်ငွေ ၁ သိန်း ပေးမယ်လို့အမှတ် ၆ တိုင်းဒေသရဲဌာနချုပ်က  ကြေညာခဲ့ပြီး လက်အောက်ခံ  ရဲတပ်ဖွဲ့တွေကိုလည်း ပိုက်စိပ်တိုက်ရှာဖို့ အမိန့်ပေးခဲ့ပေမယ့် အခုထိ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ကနေ ထိုင်းနိုင်ငံ ကမ်ဖိုင်ဖစ်ခရိုင်ထဲမှာ လာပြီး အလုပ်လုပ်နေတဲ့  ဦးအောင်နဲ့ ဒေါ်သိန်းတို့ရဲ့ တတိယမြောက်သမီးဖြစ်သူ  အသက် ၁၂ နှစ် ရွယ်ရှိ နောင့်အဲဟာ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက  ထိုင်းလင်မယား ၂ ဦးရဲ့ ဖြားယောင်းသွေးဆောင်ခြင်း ခံခဲ့ရပြီး  အဲဒီအိမ်မှာ ကျွန်လို နှိပ်စက်ခိုင်းစေခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ကြောင်ပျောက်တာ လိုက်ရှာဖို့ အိမ်အပြင်ထွက်လာတဲ့သူ့ကို အိမ်နီးချင်းတွေက  အပူလောင်ဒဏ်ရာတွေနဲ့ တွေ့ပြီး လူမှုကယ်ဆယ်ရေးစခန်းကို ပို့ဆောင်လိုက်ရာက အဲဒီအမှုဟာ လူသိရှင်ကြား ဖြစ်ခဲ့တာပါ။

နှိပ်စက်ခံရသူ နောင့်အဲအတွက်  တရားမျှတမှုဖြစ်စေဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ထိုင်းနိုင်ငံထဲက ကရင်အဖွဲ့အစည်းနဲ့ အခြားလူမှုအဖွဲ့အစည်းကပါ ထိုင်းအစိုးရကို တောင်းဆို ထားပါတယ်။

ရန်ကုန်-မန္တလေးလမ်း မတော်တဆမှု ယာဉ်မောင်းကြောင့် အဖြစ်များဟု တာဝန်ရှိသူပြော

$
0
0

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ မတော်တဆယာဉ်တိမ်းမှောက်မှုနဲ့ ယာဉ်တိုက်မှု ဖြစ်စဉ်အများစုဟာ ယာဉ်မောင်းသူတွေရဲ့ပေါ့ဆမှုကြောင့် အဖြစ်များပြီး လမ်းပိုင်း မပြည့်စုံမှုလည်းပါသလို လမ်းစည်းကမ်းကိုလည်း ၀ိုင်းဝန်းလိုက်နာကြဖို့ အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်က ပြောပါတယ်။

“အန်ကယ်တို့ လမ်းမှာလည်း မပြည့်စုံတာတွေ ရှိပါတယ်။ လမ်းမှာ အပြစ်မရှိဘူးလို့ မပြောဘူးနော်၊ လမ်းမှာ အပြစ်တော့ ရှိကြပါတယ်။ ဦးတို့ ဘက်ကလည်း လုပ်ပေးပါမယ်။ လုပ်ဖို့လည်း အများကြီးလိုပါသေးတယ်။ လုပ်နေမှာပါ။ ပြင်တာထက်စာရင် ဖြည့်စွက်တာတွေပေါ့နော် လိုအပ်တာတွေ တောက်လျှောက် လုပ်နေပါတယ်။ ခရီးသွား ပြည်သူတွေနဲ့ ဒီသွားတဲ့ အမြန်လမ်းကနေ အသုံးပြုတဲ့ နေရာနဲ့ ဘာလုပ်ပေးရမလဲဆိုရင် ဦးတို့နဲ့ ပူးပေါင်းပါဝင်ပြီးတော့ ခုနက လမ်းစည်းကမ်းလေးတွေကို ၀ိုက်ဝန်း လိုက်နာပေးလိုက်ရင် ဒါတွေဟာ အကုန်လုံး သက်သာသွားမယ့် အနေအထား ရှိပါတယ်။ ဦးတော့ တနေ့တနေ့ စိတ်မကောင်းပါဘူး။ တနေရာ ဖြစ်ပြန်ပြီ၊ ဟိုနေရာ ဖြစ်ပြန်ပြီ။ အဲဒီလိုတွေ ဖြစ်နေတော့ တော်တော် စိတ်မကောင်းဖြစ်ရပါတယ်။ လမ်းအသုံးပြုသူတွေရဲ့ ပြန်ပြောတာလေးတွေကို နားထောင်ပြီးတော့ လိုအပ်ချက်ကလေတွေကိုလည်း ဦးတို့က ဖြည့်စွက်ပြီးတော့ လုပ်ပေးနေတာပဲ။ အဲဒီတော့ တလမ်းလုံးမှာ ဒီလိုဖြစ်စဉ်တွေ ဖြစ်နေတာကို လူရယ်၊ လမ်းရယ်၊ ယာဉ်ရယ်ပေါ့နော်။ အဲဒီမှာ လူကြောင့်က အများဆုံး ဖြစ်နေတာပါ။ လမ်းနဲ့ယာဉ်နဲ့က အင်မတန်နည်းတာပေါ့။”

ဒီအမြန်လမ်းမကြီးပေါ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ယာဉ်မတော်တဆ ဖြစ်စဉ်အရေအတွက်ဟာ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဇူလိုင် ၁၇ ရက်အထိ ၁၄၂ မှု ရှိခဲ့ပါတယ်။

အဲဒီဖြစ်စဉ်တွေမှာ ဒဏ်ရာရခဲ့သူ ၄၂၂ ယောက် ရှိပြီး ယာဉ် တိုက်မှုနဲ့ ယာဉ်တိမ်းမှောက်မှုတွေကြောင့် သေဆုံးခဲ့သူအရေအတွက်က ၈၃ ယောက် ဖြစ်တယ်လို့ ရန်ကုန်မန္တလေးအမြန်လမ်းမကြီးရဲ့ ၂၀၁ မိုင် အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

အမြန်လမ်းမကြီးကို သုံးစွဲနေကြတဲ့ ခရီးသည်တွေအကြား စိုးရိမ်ပူပန်မှုတွေ တိုးပွားလာ နေပြီး ယာဉ်ကြံ့ခိုင်မှု ကောင်းမွန်တယ်၊ ဘေးအန္တရာယ်ကင်းရှင်းနိုင်တာနဲ့ လုံခြုံစိတ်ချရတယ်လို့ သူတို့ယူဆကြတဲ့ ယာဉ်လိုင်းတွေကိုပဲ သေသေချာချာ ရွေးချယ်သွားလာနေကြပါတယ်။

ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ခရီးသွားလာရတဲ့အခါ စိတ်လုံခြုံမှု လျော့နည်းလာတယ်လို့ ခံစားရကြောင်း ကချင်ပြည်နယ် ဗန်းမော်မြို့နယ်က  ခရီးသည် ဦးအောင်သိန်းက  ပြောပါတယ်။

အရည်အသွေးမပြည့်တဲ့ ကွန်ကရစ်လမ်းဟာ တာယာတွေကို အမြန်ပါးစေသလို မတော်တဆယာဉ်တိုက်မှုတွေ အဖြစ်များနေတယ်လို့ ပြည်သူတွေအကြား ဝေဖန်ပြောဆိုနေကြတာပါ။
အဲဒီအမြန်လမ်းရဲ့ ၁၁၅ မိုင်မှာရှိတဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက တာဝန်ရှိသူတဦးကတော့ ယာဉ်မောင်းသူတွေဘက်က သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်တာတွေကြောင့် အဖြစ်များတယ်လို့ သိရကြောင်း ပြောပါတယ်။

ယာဉ်မောင်းသူတွေအနေနဲ့ အမြန်လမ်းပိုင်းတာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်တွေကို ပူးပေါင်းပါဝင်ဖို့ကလည်း အရေးကြီးတယ်လို့ အဲ့ဒီအမြန်လမ်းပေါ်မှာ မောင်းနှင်နေတဲ့ ယာဉ်မောင်းတချို့က ပြောပါတယ်။

“သတိထားသင့်တာကတော့ သတ်မှတ်မိုင်နှုန်းထက် ပိုမမောင်းဖို့ရယ်၊ နောက် ကိုယ်ပင်ပန်းနေလို့ အိပ်ငိုက်မယ်၊ ကိုယ့်ကိုကိုယ် ပင်ပန်းမယ်ဆိုလို့ရှိရင် ကားမောင်းသမား အပိုတယောက်ပါတယ်။ အပိုတယောက်နဲ့ ပြောင်းမောင်းပေါ့။ အဲဒါမှလည်း အန္တရာယ်ကင်းမှာလေ။ တချို့ကျတော့လည်း သောက်စားမူးယစ်ပြီးတော့ မောင်းတာလည်း ရှိတယ်။ အခါအားလျော်စွာထုတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာလို့ရှိရင် အန္တရာယ်ကင်းကင်းနဲ့ မောင်းနိုင်တာပေါ့။”

ယာဉ်မတော်တဆတိုက်မှုတွေ လျော့ကျသွားစေဖို့ နားနေစခန်းတွေ တိုးချဲ့တာနဲ့ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းတဲ့ယာဉ်တွေကို အရေးယူနေတာတွေလည်း လုပ်ဆောင် နေပါတယ်။
ဒီအမြန်လမ်းမကြီးကို နိုင်လွန်ကတ္တရာခင်းဖို့အတွက် သမ္မတရုံးကို တင်ပြထားပြီးတော့ ကုန်ကျစရိတ်များလွန်းတဲ့အတွက် နိုင်ငံတကာအကူအညီတွေကိုလည်း တောင်းခံထားတယ်လို့ သိရပါတယ်။

ဦးဘရန်ရှောင်ကို ထောင်ဒဏ် ၂ နှစ်ချ

$
0
0

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ပတ်သက်တယ်လို့ တရားစွဲဆိုခံနေရတဲ့ ဦးလထော်ဘရန်ရှောင်ကို မြစ်ကြီးနားတရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။

ဇူလိုင် ၁၈ ရက်နေ့က အပြီးသတ်လျှောက်လဲချက်ပေးပြီးနောက် မြစ်ကြီးနား တရားရုံးကနေ မတရားအသင်းဆက်သွယ်မှုနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တာလို့ ဦးလထော်ဘရန်ရှောင်ရဲ့ ရှေ့နေဦးမားခါးက ပြောပါတယ်။

“တရားစီရင်းစနစ်က သိပ်ကိုဆိုးဝါးနေတယ်ဆိုတာ ဒါက လက်တွေ့ဖော်ပြတဲ့ သဘောသက်ရောက်တာပေါ့။ ဘရန်ရှောင်က တကယ်ကို ကေအိုင်အေနဲ့ ပတ်သက်တာ မရှိဘူး။ ကျနော်တို့ သက်သေအထောက်အထား အခိုင်အလုံ ရထားပြီးသား ဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးပြီးမှ နှိပ်စက်ညှဉ်းပန်းပြီး လက်မှတ်တွေ ထိုးခိုင်း၊ သူတို့ဘာသာ သူတို့ ရေးသားပြီး တရားရုံးမှာ  တရားစွဲဆိုထားတာ။ ဒါလည်း ထင်ထင်ရှားရှား တွေ့နေပြီးသားပဲ။ တရားရုံးကတော့ စရဖဘက်က စွပ်စွဲတဲ့အတိုင်း ဘာမှ သက်သေအထောက်အထား မရှိတဲ့သူကို မရမက ထောင်ဒဏ် ချမှတ်တယ်ဆိုတော့ တရားရုံးက ကျနော်တို့ နိုင်ငံသားတွေအတွက် ဘာမှအကာကွယ် မပေးနိုင်တော့ကြောင်း တရားဝင် ဖော်ပြသွားတာဖြစ်ပါတယ်။”

၂၀၁၂ ခုနှစ် ဇွန်လထဲမှာ   မြစ်ကြီးနားမြို့ ဂျမိုင်းကောင်း စစ်ပြေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဦးလထော်ဘရန်ရှောင်ကို ကေအိုင်အေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) က ဖမ်းဆီး တရားစွဲဆိုခဲ့တာဖြစ်ပြီး ၁ နှစ်ကျော်အကြာမှာ ပြစ်ဒဏ်စီရင်ခဲ့တာပါ။

မေလက ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအဖွဲ့ ဂျမိုင်ကောင်း စစ်ပြေးဒုက္ခသည်စခန်းကို လာရောက်စဉ်တုန်းက ဦးဘရန်ရှောင်ကို အမိန့်ချမှတ်ပြီး ၁ ပတ်အတွင်း ပြန်လွှတ်ပေးမယ်လို့ ပြောဆိုခဲ့ဖူးတာကြောင့် ပြန်လွှတ်၊ မလွှတ်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဂျမိုင်းကောင်း စစ်ပြေးဒုက္ခသည်စခန်းက တာဝန်ရှိတဲ့ ဦးအောင်မြတ်ကတော့ ဒီစီရင်ချက် ကြောင့် ဦးဘရန်ရှောင်မိသားစု စိတ်ထိခိုက်ရတယ်လို့ ပြောပါတယ်။

“သူ့အမျိုးသမီးကတော့ အတော်ကို စိတ်မကောင်းဘူး။ ဘယ်သူမှလည်း မျှော်လင့်မထားဘူး အဲလိုဖြစ်သွားမယ်ဆိုတာ။ မနေ့ကတော့ လျှောက်လွှဲချက်တင်တာလို့ပဲ သိရတော့ ချက်ချင်းစီရင်ချက်ချလိုက်တဲ့အတွက်ကြောင့် ဘာမှ စကားလည်း မပြောလိုက်ရဘူး။  စီရင်ချက်ချပြီးတာနဲ့ တခါတည်း ခေါ်သွားတယ်။”

ဖမ်းဆီးစစ်ဆေးစဉ်မှာ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ဦးဘရန်ရှောင်ရဲ့ ခန္ဒာကိုယ်တွေမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့သလို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ အိုဟေးကင်တာနားကလည်း မြန်မာပြည်ခရီးစဉ်အတွင်းမှာ တွေ့ဆုံခဲ့ပြီး ဖမ်းဆီးနှိပ်စက်မှုအတွက် စိုးရိမ်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

စစ်တပ်ပိုင် မြ၀တီသတင်းစာကလည်း တရားရုံးက စီရင်ချက်မချခင်ကတည်းက ဦးဘရန်ရှောင်ကို ကေအိုင်အေဗိုလ်ကြီးတဦးအဖြစ် စွပ်စွဲရေးသားခဲ့ပါတယ်။

အန်ဒီအက်ဖ်ပါတီဝင် ဒေါ်ဘောက်ဂျာ ဖမ်းဆီးခံရ

$
0
0

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်) ရဲ့ ကချင်ပြည်နယ် စည်းရုံးရေး တာဝန်ခံ လယ်သိမ်းခံရသူတွေဘက်က ကူညီဆောင်ရွက်ပေးနေတဲ့ ဒေါ်ဘောက်ဂျာကို မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့က ဇူလိုင် ၁၈ ရက်နေ့ညနေပိုင်းမှာ နေအိမ်ကနေ ဖမ်းဆီးသွားပါတယ်။

မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်းက ဒေါ်ဘောက်ဂျာကို အမှု ၃ ခုနဲ့ တရားစွဲဆို ထားတယ်လို့  အန်ဒီအက်ဖ်ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

“၂၀၁၁ ခုတုန်းက တရားခံပြေးပေါ့ အဲဒီအမှုနဲ့ ဖမ်းထားတယ်။ သူက လျှောက်ပြေးနေတာကိုး။ နောက် စစ်ကောင်စီကနေပြီးတော့ စွဲချက်ပေါ့ ပုဒ်မ ၄၁ နဲ့ စွဲထားပါတယ်။ နောက် လူသေမှု ၃၀၄ (ခ) နဲ့လည်း ကျနော်တို့ကို စွဲထားပါတယ်။ ပုဒ်မ ၃၃ နဲ့လည်း သူ့ကို ချိတ်ထားပါတယ်။ ဒါတွေကတော့ ၂၀၁၁ ခုနှစ်ထဲက ဖြစ်ခဲ့တဲ့ဟာတွေပါပဲ။ အမှန်က အဟောင်းတွေကို အခုမှ ပြန်ဖော်တာပဲ။ ဘာကြောင့်ဖော်တယ်ဆိုတာတော့ ကျနော်လည်း သေချာ မသိသေးပါဘူး။”

ဒေါ်ဘောက်ဂျာကို မိုးကောင်းကနေတဆင့် ဖားကန့်အချုပ်ခန်းကို ပို့ဆောင်ထားပါတယ်လို့ ဆိုပါတယ်။

အမှုကိစ္စနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် အမှတ် ၂ ရဲစခန်းကို တာဝန်မှူး ဒုရဲအုပ် ခင်မောင်ဇော်က “ဟုတ်တယ် ကျနော်လည်း ကောင်းကောင်း မသိလိုက်ဘူး။ ကျနော် မနေ့က ဒီကနေပြီးတော့ ဗန်မော်မှာ တရားခံသွားခေါ် ဒီနေ့ မနက်မှာ ရောက်လာတယ်။ ဘယ်သူဖမ်းတယ်၊ ဘယ်သူထွက်တယ် ကျနော် ကောင်းကောင်းမသိဘူး၊ ဖမ်းတာတော့ ဖမ်းသွားတယ်” လို့ပြောပါတယ်။

ဒေါ်ဘောက်ဂျာကို ကူညီပေးတဲ့ ရှေ့နေဦးမြင့်သွင်က ဒေါ်ဘောက်ဂျာဟာ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်လောက်က ဖားကန့်မြို့နယ်ထဲက ရွာတရွာမှာ လက်မှတ်မရှိဘဲ ဆေးကုသခဲ့လို့ဆိုပြီး တရားစွဲဆိုခံထားရတာလို့ ပြောပါတယ်။

“သူ့ကို စွဲထားစဉ်တုန်းက ရွာမှာ သူက မူကြိုကျောင်း ဖွင့်ပေးတယ်။ ရွာက နားမကျန်လူတွေကို ဆေးကုပေးတယ်။ သူ့ရဲ့မောင်နဲ့ ညီမတွေက ဆရာဝန်တွေ၊ နပ်(စ်) မတွေ ရှိတယ်ခင်ဗျ။ အဲလိုဆေးခန်းလေးတွေရှိတော့ သူက ကုပေးပါတယ်ဆိုပြီးတော့ စွပ်စွဲပါတယ်။ အရေးပေါ်ဖြစ်နေတဲ့ လူနာကို ဆေးထိုးပေးလို့ သေသွားပါတယ်ဆိုပြီးတော့ အဲလို လူနာသေသွားတာနဲ့ ပတ်သက်ပြီးတော့ ဒေါ်ဘောက်ဂျာက ဆေးလက်မှတ် မရှိဘဲနဲ့ ကုပါတယ်ဆိုပြီးတော့ စွပ်စွဲတာပါ။ ကျနော် သူရဲစခန်းရောက်မှ သူနဲ့လည်း ပြောရပါတယ်။ စခန်းမှူးနဲ့လည်း ပြောရပါတယ်။ စခန်းမှူးကို ကျနော်မေးတယ်။ ကျနော်တို့ ဒီအမှုကို ရုပ်သိမ်းပြီးပြီ။ ရဲမင်းကြီးလည်း တွေ့ပြီးပြီ။ ကျနော်တို့ ဥပဒေအရလည်း ဥပဒေချုပ်နဲ့လည်း အဲဒီတုန်းက ရုပ်သိမ်းဖို့ဘာတွေ အကုန် လုပ်ပြီးပြီ။ စာတင်ပြီးပြီလို့ ပြောပါတယ်။ သူက သုံးမှုဖွင့်ထားလို့ပါတဲ့။ သူကလည်း အထက်က ခိုင်းတာမို့လို့ သူအနေနဲ့က ဘာမှ တာဝန်မရှိဘူး၊ ခေါ်ပြီးတော့ ဖားကန့်ကို ပို့ပေးရုံပါပဲတဲ့။”

ဒေါ်ဘောက်ဂျာဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ဖားကန့်မြို့နယ်ကနေ ၀င်ရောက် ယှဉ်ပြိုင်ရွေးချယ်ခံခဲ့ပြီး ရှုံးနိမ့်ခဲ့ပါတယ်။ဒေါ်ဘောက်ဂျာဟာ ဟူးကောင်းချိုင့်ဝှမ်း ဒေသအတွင်းရှိ ယုဇနကုမ္ပဏီမှ စိုက်ပျိုးမြေသိမ်းယူမှုကြောင့် ဒေသခံတွေ ဆုံးရှုံးနစ်နာရတာကို ရှေ့နေအဖြစ် ဆောင်ရွက်ပေးခဲ့ပါတယ်။

ရဲတပ်ဖွဲ့ ညှဉ်းပန်းမှု ရပ်ရန် တောင်းဆို

$
0
0

ညှဉ်းပန်းနှိပ်စက်ခြင်း​ ဆန့်ကျင်မှုဆိုင်ရာ နိုင်ငံတကာဥပဒေကို မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းရေးဆွဲသင့်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

ညှဉ်းပန်းနှိပ်စက်ခြင်း ဆန့်ကျင်မှုဆိုင်ရာ နိုင်ငံတကာဥပဒေကို ၁၉၈၄ ခုနှစ်မှာ အတည်ပြုခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ပါဝင်လက်မှတ်ထိုးခြင်းမရှိသေးပါဘူး။

ဦး မင်း လွင်ဦး

အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ စစ်မေးရင်း သေဆုံးသူ၊ လူဖြစ်ရှုံးသူတွေ ရှိနေဆဲဖြစ်ကြောင်းနဲ့ ရပ်တန့်သင့်ပြီလို့ ပြောပါတယ်။

ဒီလဆန်းပိုင်းက မန္တလေးမြို့မှာ လိင်တူဆက်ဆံသူ ဂေးတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ဖားခုန်ခုန်ခိုင်းတာ၊ မြင်းလိုထိုင်ခိုင်းတာ၊ အ၀တ်အစား ချွတ်ပြီ လမ်းလျှောက်ခိုင်းတာ၊ သန်ရှင်းရေးလုပ်ခိုင်း၊ အ၀တ်လျော်ခိုင်းတာ၊ ဖိနပ်တိုက်ခိုင်းတာတွေဟာ ရဲတပ်ဖွဲ့အနေနဲ့ လုံးဝမလုပ်ဆောင်သင့်ဘူးလို့ သူက ထောက်ပြပါတယ်။

ဦးမင်းလွင်ဦးက “မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးပါ အခြေခံ အချက်တွေကို လိုက်နာဖို့လိုတယ်။ နှိပ်စက်ညှဉ်းပန်းခြင်းဆန့်ကျင်မှု စာချုပ်တွေမှာ လက်မှတ်ထိုးဖို့ လိုတယ်။ ကုလသမဂ္ဂ၀င် နိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံတွင်းမှာ လူသားချင်း ခွဲခြားဆက်ဆံ တဲ့ကိစ္စတွေ ရှိခဲ့ရင်တောင်မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ကာကွယ်တားဆီးပေးရမှာ ဖြစ်ပါလျက်နဲ့ အခုလိုမျိုး ဥပဒေမဲ့ ပြုမူလုပ်ဆောင်တာတွေဟာ မလုပ်သင့်တဲ့ကိစ္စတွေဖြစ်တယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွင်း ၁ လကို လူ ၁ ဦးနှုန်းလောက် သေဆုံးနေတယ်လို့ သိရတဲ့အတွက် ဒီကိန်းဂဏန်းဟာ ကြောက်စရာကောင်းတယ်လို့ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

equality Myanmar အဖွဲ့ ဒါရိုက်တာ ဦေးအာင်မျိုးမင်းက အရင်က နိုင်ငံရေးအကျဉ်းသားတွေ၊ အပြစ်မဲ့အရပ်သားတွေကို နှိပ်စက်ညှဉ်းပန်းမှုတွေ ရှိခဲ့တာကို ထောက်ပြပြီး ပပျောက်ရမယ့်အချိန်မှာ လိင်တူချစ်သူတွေကို ပစ်မှတ်ထားညှဉ်းပန်းတာ မလုပ်သင့်ဘူးလို့ ပြောပါတယ်။

ညှဉ်းပန်းနှိပ်စက်ခြင်း ပုံစံမျိုးစုံပေါ်ပေါက်မလာအောင် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်းပြဋ္ဌာန်းသင့်တယ်လို့ သူက ထောက်ပြပါတယ်။

“လူ့အခွင့်အရေး ကော်မရှင်ကလည်း ဒါကို အရေးတယူ ဆောင်ရွက်ဖို့ လိုအပ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ဘယ်သူ့ကိုမှ ညှဉ်းပန်းနှိပ်စက်ခြင်း မရှိစေရ ဆိုတဲ့ အပိုဒ်ကို တိတိလင်းလင်း ပြဋ္ဌာန်းဖို့ လိုအပ်သလို နိုင်ငံတကာမှာ ရှိနေတဲ့ ညှင်းပန်းနှိပ်စက်ခြင်း ဆန့်ကျင့်မှု ဆိုင်ရာ နိုင်ငံတကာ ဥပဒေကို မြန်မာနိုင်ငံအနေနဲ့ အမြန်ဆုံး လက်မှတ်ရေးထိုးဖို့အတွက်လည်း တိုက်တွန်ချင်ပါတယ်။”

ဒီလ ၇ ရက်နေ့က မန္တလေးမြို့မှာ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေအပေါ်  တိုင်ကြားဖို့အတွက်  ကာယကံရှင်တွေ ရန်ကုန်ရောက်နေပြီး အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က စုံစမ်းမယ်လို့ ဆိုပါတယ်။

ဦးအောင်မျိုးမင်း

ဦးအောင်မျိုးမင်းက “လူ့အခွင့်အရေး ကော်မရှင်ကို ကိုယ်တိုင်သွားပြီးတော့ တိုင်ကြားမှာဖြစ်တယ်။ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ကျနော်တို့ သေချာ ရေးထားပြီးသား ဖြစ်ပါတယ်။ လူ့အခွင့်အရေးကော်မရှင်ကနေ ဒီကိစ္စတွေကို ပြန်ပြီးတော့ စုံစမ်းမှုတွေ လုပ်ဆောင်မယ်လို့ ကျနော်တို့ သိရပါတယ်။ အဲဒီအပေါ်မှာမူတည်ပြီး ဘယ်လိုဆက်လက်အကောင်အထည်ဖော်မလဲဆိုတဲ့ကိစ္စကို ဆက်တိုက် စောင့်ကြပ်ပြီးတော့ လုပ်ဆောင်နေပါတယ်။ တဖက်မှာလည်း  ဒီလိုမျိုး လုပ်ဆောင်မှုက လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်းထက် ပိုပြီး လုပ်ဆောင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ဥပဒေအရ ပြန်လည်ဆောင်ရွက်နိုင်ဖို့ ရှေ့နေတွေ၊ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး လုပ်ဆောင်နေပါတယ်။”

ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရက်စက်ခြင်းနဲ့ လူသားမဆန်တဲ့ အပြစ်ပေးအရေးယူမှုတွေ ဆန့်ကျင်မှုဆိုင်ရာ နိုင်ငံတကာဥပဒေကို ၁၉၈၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှာ ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံတကာမှာ ညှဉ်းပန်းနှိပ်စက်ခြင်းကို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကျူးလွန်ခွင့်မရှိဘူးလို့ ပြဋ္ဌာန်းထားပါတယ်။

ဗုံးကွဲမှုဖြစ်ပေမယ့် ဦးဝီရသူ တရားပွဲများ ဆက်ဟောမည်

$
0
0

ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက် မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအနောက်ရပ်ကွက် တရားပွဲမှာ  ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပေမယ် ဆရာတော်ဦးဝီရသူကတော့ တရားပွဲတွေ ဆက်လက်ဟောသွားမယ်လို့  မိန့်ပါတယ်။

“ဘုရားပွဲတွေ ဆက်ပြီးဟောသွားဖို့ အစီအစဉ်တွေရှိတယ်နော်။ သို့သော်လည်းပဲ အစိုးရက လုံခြုံရေး အကြောင်းပြပြီး တရားပွဲတွေ နားမယ်၊ မနားဘူး၊ ရပ်မယ်၊ မရပ်ဘူးဆိုတာ မသိရဘူး။ ဦးဇင်နောက်ကျောမှာ ကား ၂ စင်းခံနေတာရယ်၊ ဦးဇင်းရဲ့ ပလ္လင်ရဲ့နောက်မှာ ဗီနိုင်းခံနေတာရယ် အဲဒီ ကား ၂စင်းက ဦးဇင်းကို ကယ်သွားတာ။”

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအနောက်ရပ်ကွက်မှာ ဇူလိုင် ၂၁ ရက်ညက ကျင်းပတဲ့ မစိုးရိမ်ကျောင်းတိုက် နာယက ဆရာတော်ဦးဝီရသူရဲ့ တရားပွဲမှာ  အသေးစားပေါက်ကွဲမှုတခု ဖြစ်ပွားပြီး ကိုယ်ရင် ၁ ပါးနဲ့ လူ ၄ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။

မဟာအောင်မြေမြို့နယ် မဟာပုညသာရီဘုံ ဆွမ်းလောင်းအသင်းကြီး ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ငါးညတိုင်တိုင်  တရားပွဲကျင်းပခဲ့ရာ  နောက်ဆုံးညဖြစ်တဲ့  ဇူလိုင် ၂၁ ရက်ည ၉ နာရီ ၁၅ မိနစ်လောက်မှာ ဆရာတော်ဦးဝီရသူ တရားဟောနေစဉ်  ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။

ပေါက်ကွဲတဲ့ဗုံးဟာ လက်လုပ်ဗုံးအမျိုးအစားဖြစ်ပြီး ပေါက်ကွဲမှု မပြင်းထန်ခဲ့တဲ့အတွက် ကိုရင် ၁ ပါး အပါအ၀င် ဒေသခံပြည်သူ ၄ ဦး အနည်းငယ်ဒဏ်ရာရရှိသွားတယ်လို့ ဒီပေါက်ကွဲမှုကို  အရေးယူဆောင်ရွက်နေတဲ့  မန္တလေးတိုင်း  ရဲမှူး ဦးစိုးငြိမ်းက ပြောပါတယ်။

အရှင်ဝီရသူ

“ရုတ်တရက်ပထမတော့ ကားဘီးပေါက်သလို ဖြစ်တာပေါ့။  နောက်တော့ ကျနော်တို့ နည်းနည်းလေးစင်သွားတော့  ခဲစင်တယ် အောက်မေ့တာ။ အဲဒါနဲ့ ကျနော်တို့ ချက်ချင်းစစ်လိုက်တော့ အဲဒီနားက ဗုံးပေါက်တဲ့ သဘောလား လက်လုပ်ဗုံးပါပဲ။ ကားဗုံးဆိုရင်တော့ အများကြီး ထိခိုက်နိုင်တာပေါ့။ လက်လုပ်ဗုံး တမျိုးပါပဲ။ ပေါက်ကွဲတဲ့နေရာရယ် ကားမှာ ထိထားတဲ့ ဟာလေးတွေရယ် အစအနလေးတွေ ကောက်လိုက်တော့ သံချွန် အစကလေးတွေရှိတယ်။ အဲဒါတွေ လေးငါး ဆယ်ခုလောက်တော့ ကျနော်တို့ တွေ့တာပေါ့။ အဲဒါကြောင့်မို့ လက်လုပ်ဗုံးလို့ အတည်ပြုနိုင်တာပေါ့။ ဒဏ်ရာရတာက ၅ ဦး၊ ဒါပေမယ့် အကြီးအကျယ် မထိပါဘူး၊ ညကတောင် ဆေးရုံ တယောက်ပဲ ရောက်တယ်။ အမျိုးသမီးတယောက်ပဲ ရောက်တယ် မဟာအောင်မြေ ရဲစခန်းက ပြစ်မှု ပုဒ်မ ၂၈၆ နဲ့ အမှုဖွင့်ထားပါတယ်၊ ပေါက်ကွဲစေတဲ့ ပစ္စည်းနဲ့ ပတ်သက်တဲ့ အရေးယူတဲ့ ပုဒ်မပါပဲ။”

ဆရာတော်ဦးဝီရသူရဲ့ တရားပွဲမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အပေါ် ထင်ကြေးပေးပြောဆိုမှုတွေ အမျိုးမျိုးထွက်ပေါ်နေပေမယ့် တရားပွဲစီစဉ်ပေးသူ ဒေသခံတဦးကတော့  ဒါဟာ တရားပွဲကို အထိတ်တလန့် ဖြစ်အောင် နှောင့်ယှက်တဲ့ သဘောသာ ဖြစ်တယ်လို့ ယူဆကြောင်း ပြောပါတယ်။

“တရားပွဲကို တထိတ်တလန့် ဖြစ်အောင် နှောက်ယှက်တဲ့ သဘောပါပဲ။ ကျနော်တို့ဟာ ငြိမ်းငြိမ်းချမ်းချမ်းပေါ့ဗျာ။ ဘုရားပွဲဆိုတာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဆိုတော့ ယဉ်ကျေးသိမ်မွေ့အောင် ကျနော်တို့ ဟောပြောတဲ့ ပွဲတွေဖြစ်ပါတယ်။ စည်းစည်းလုံးလုံးနဲ့ မဖြစ်သင့်ဘူးပေါ့ဗျာ။ တသက်နဲ့ တကိုယ် မကြားဖူးဘူး။”

မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအနောက်ရပ်ကွက် ၃၆ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြား လက်လုပ်ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး တရားခံကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့  ရဲမှူး ဦးစိုးငြိမ်းက ပြောပါတယ်။

မုဒိမ်းမှု ဆန့်ကျင်ရေး အမျိုးသမီးများ ဆန္ဒပြ

$
0
0

ဧရာဝတီတိုင်း လပွတ္တာမြို့က အမျိုးသမီး ၂၀၀ ကျော်လောက်ဟာ  ကလေးသူငယ်များနဲ့ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုကို ဆန့်ကျင်တဲ့အနေနဲ့  ဒီကနေ့မနက်က  လပွတ္တာ မြို့လယ်ခေါင် လမ်းမတွေပေါ်မှာ  လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

လပွတ္တာမြို့နယ်အတွင်း မကြာသေးခင်က အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှု နှစ်ကြိမ် ဆက်တိုက် ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်လာပြီးနောက်  သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့  ဒီကိစ္စကို ထိရောက်စွာ အရေးယူပေးဖို့  ဆန္ဒထုတ်ဖော်ကြတာလို့   မြို့ခံ ကိုဇော်မိုးက ပြောပါတယ်။

“ကလေးသူငယ်များနဲ့ အမျိုးသမီးများအပေါ် အဓမ္မ ပြုကျင့်မှု ဆန့်ကျင်ရှုတ်ချ ဆန္ဒထုတ်ဖော်ပွဲပါ။ မုဒိမ်းမှုက လောလောဆယ် ဒီလအတွင်းမှာ ၂ မှုလောက် တက်နေတယ်။ မြန်မာအမျိုးသမီးတွေက အသက်ကလေးကြည့်လိုက်ရင် ၁၅ နှစ်၊ တယောက်က ၁၇ နှစ်ပဲ ရှိပါသေးတယ်။ ကလေးတွေက အဲဒီလို ပြုကျင့်ခံနေရတယ်။ အာဏာပိုင်တွေကလည်း ထိရောက်စွာ အရေးယူပေးဖို့နဲ့ ကျနော်တို့ သူတို့ကို အသိပညာပေးချင်တဲ့ သဘောနဲ့ပါ။ ဒီဟောပြောပွဲလုပ်ရင် စီတန်းလှည့်လည်တာ။”

ဆန္ဒပြမှာ အမျိုးသမီးတွေက   အဓမ္မမှုတွေ တိုက်ဖျက်ရေး၊ အမျိုးသမီးများဘ၀လုံခြုံရေး၊ မုဒိမ်းမှု ပပျောက်ရေး၊  မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းရေးနဲ့ မြန်မာအမျိုးသမီးများဘ၀ ကာကွယ်ပေးရေး စတဲ့အချက် ၅ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲကို  မြို့ခံ ရဲစခန်းနဲ့ မြို့နယ် အုပ်ချုပ်ရေးရုံးဆီက တရားဝင်ခွင့်ပြုချက်တောင်းခံပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့အတွက် အာဏာပိုင်တွေရဲ့ တားဆီးပိတ်ပင်မှု မရှိဘူးလို့ သိရပါတယ်။


တောင်ကုတ်လူသတ်မှု နေပြည်တော်အထူးဖွဲ့ ဆက်လက်တရားစွဲမည်

$
0
0

မနှစ်တုန်းက တောင်ကုတ်မြို့ လူသတ်မှုသံသယနဲ့ ဖမ်းဆီးထားသူ ၆ ဦးကို  နေပြည်တော် အထူးအဖွဲ့က ဆက်လက် တရားစွဲဆိုသွားမယ်လို့ သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက ပြောပါတယ်။

မနှစ်က တောင်ကုတ်မြို့မှာ ခရီးသည်တင်ကားပေါ်ကနေ မွတ်စလင် ဆယ်ဦးကို နေ့ခင်းကြောင်တောင် လူမြင်ကွင်းမှာ အုပ်စုဖွဲ့သတ်ဖြတ်ခဲ့တာပါ။ အခင်းဖြစ်ပြီး တနှစ်ကျော်အကြာမှာ နေပြည်တော်က အထူးအဖွဲ့ဆင်းလာပြီး တောင်ကုတ်မြို့ကနေ ၆ ဦးကို ဖမ်းပြီး သံတွဲထောင်မှာ ချုပ်ထားပါတယ်။

အထူးအဖွဲ့ကပဲ တရားစွဲဆိုရေးအပိုင်းကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက ပြောပါတယ်။

“ကျနော်တို့ နေပြည်တော် အထူးအဖွဲ့ကနေပြီးတော့ ဖမ်းဆီးရေး လုပ်ငန်းတွေကို ဆောင်ရွက်တယ်၊ တရားစွဲဆိုရေး အပိုင်းကိုလည်း သူတို့ကနေပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဖမ်းတဲ့ လူအရေအတွက်ကိုတော့ ၆ ယောက်လောက်ပဲ ကျနော်တို့ သိရတယ်။ ဘယ်လောက်ပါတယ်၊ ဘယ်လောက်ဟိုဟာ ဖြစ်တယ်ဆိုတာ ကျနော်တို့ မသိပါဘူး။ ခရိုင်ထဲမှာ ဖြစ်တာ မှန်တယ်။ ဒါပေမယ့် ဒီအထူးအဖွဲ့အနေနဲ့ တိုက်ရိုက်လာလုပ်တော့ ကျနော်တို့ အနေနဲ့ အဲဒီအပိုင်းကို အပေါ်ကနေ စီမံဆောင်ရွက်နေတဲ့ အပိုင်း ဖြစ်တဲ့အတွက်ကြောင့် မေးမြန်ခြင်းလည်း မရှိပါဘူး။”

သံတွဲမြို့နယ်ရဲစခန်းကို မေးမြန်းတဲ့အခါ သူတို့စခန်းနဲ့ မသက်ဆိုင်ကြောင်း တာဝန်ကျရဲက ဖြေပါတယ်။

မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်က တရားလွှတ်တော်ရှေ့နေ ဦးကိုနီကတော့  မွန်ပြည်နယ်ခရီးသည်တင်ကား ဓားပြတိုက်သူတွေကို ဖမ်းဆီးရမိတဲ့ ရဲတပ်ဖွဲ့ဟာ လူပုံအလယ် နေ့ခင်းကြောင်တောင် သတ်ဖြတ်တဲ့ကိစ္စကို မဖော်ထုတ်နိုင်တဲ့အပေါ် မေးခွန်းထုတ်လိုက်ပါတယ်။

ရာဇ၀တ်မှု ကျူးလွန်သူတွေနဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေကို ဖော်ထုတ်အရေးယူဆောင်ရွက်မှသာ ရာဇ၀တ်မှုတွေကို  အာဏာပိုင်တွေက လုပ်ဆောင်ဖို့ လိုတယ်လို့ ထောက်ပြပါတယ်။

“အဲဒီတော့ ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်သူတွေကို ဟိုထိပ်က အာဏာပိုင်တွေ သိနေပြီ။  ဒီလိုဆိုရင် ဒီကစ္စဟာ အရေးယူချင်ရင် ယူလို့ရတဲ့ အပိုင်းမှာ ရှိတယ်၊ နောက်ကွယ်မှာ ဘယ်သူပါလို့ ဘယ်လောက် ဒီပြဿနာတွေဟာ ကြီးကျယ်နေသလဲ ကျနော်တို့ အတော်ပြောဖို့ ခက်နေတယ်။ သမ္မတကြီးရဲ့ မိန့်ခွန်းမှာလည်း ပါနေတယ်။ ကြိုးကိုင်လှုပ်ရှားမှုတွေ ရှိနေတယ်လို့ ပြောတယ်။ ကြိုးကိုင်လှုပ်ရှားမှုတွေ ရှိတယ် သိရင် ဖော်ထုတ်ပြီးတော့ ဒါတွေကို ထိထိမိမိ အရေးယူလိုက်ဖို့ တိုင်းပြည်နဲ့ ကမ္ဘာကို သိအောင် ကြေညာပေးဖို့ ကိစ္စမှာကျတော့ အလွန်နှေးကွေးနေတယ် အဲဒါ ဘာကြောင့်လဲ ဆိုတဲ့ ကိစ္စဟာ တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်၊ မေးစရာ မေးခွန်းတွေ ဖြစ်နေတယ်။”

မနှစ်က တောင်ကုတ်မြို့ မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံရမှုမှာ ဦးဆောင်တယ်လို့ သံသယရှိသူ ၆ ဦးကို နေပြည်တော်က တိုက်ရိုက်ကွပ်ကဲမှုနဲ့ တောင်ကုတ်မြို့ကနေ ဇူလိုင် ၁၇ ရက်နေ့ညမှာ ဖမ်းဆီးခဲ့ပါတယ်။ ဒီသတ်ဖြတ်မှု ဖြစ်ပြီးတဲ့နောက် ရခိုင်ပြည်နယ်အတွင်း နေအိမ်မီးရှို့မှုတွေနဲ့ သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁ သိန်း ၄ သောင်းကျော် ဒုက္ခသည်ဖြစ်နေကြပါတယ်။

မြန်မာနယ်စပ်တွင် မူးယစ်ကုန်သည်နှင့် ထိုင်းစစ်တပ် ပစ်ခတ်

$
0
0

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင် မယ်ဖာ့လုံမြို့နယ်ထဲမှာ ဇူလိုင် ၃၁ ရက်နေ့ မနက်ပိုင်းက ထိုင်းစစ်တပ်နဲ့ လက်နက်ကိုင်မူးယစ်ဆေးဝါးကုန်သည်တွေ တိုက်ပွဲဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ ကျည်ဆန်တွေ သိမ်းဆည်းရမိတယ်လို့ မယ်ဆိုင်အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

တဘက်နိုင်ငံကနေ မူးယစ်ဆေးဝါး အချီကြီးဝင်ရောက်လာမယ်လို့ ကြိုတင် သတင်းရထား ချက်အရ  အမှတ် ၃၁ နယ်စပ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့နဲ့ ချင်းရိုင်ခရိုင်ရဲတပ်ဖွဲ့က အဖွဲ့ဝင် ၇ ဦး ပူးပေါင်းပြီး မြန်မာနယ်စပ် မယ်ဖာ့လုံမြို့နယ် ဘန့်ပါခါးကျေးရွာအုပ်စုအနီး တောစပ်ထဲ ၀င်ရောက် စောင့်ဆိုင်းခဲ့ပါတယ်။

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးနှင့် ကျည်ဆန်ထုပ် (ဓာတ်ပုံ - http://www.maesainewsonline.com)

အဲဒီချိန်မှာ  မြောက်ဘက်အရပ်ကနေ ၀င်လာတဲ့  သေနတ်ရှည်လွယ်ထားတဲ့သူ  လူ ၆ ဦး၊ ၇ ဦးလောက်ကို တွေ့ရပြီး တာဝန်ရှိသူတွေက စစ်ဆေးခွင့်တောင်းရာမှာ သူတို့ဘက်က သေနတ်နဲ့ စတင် ပစ်ခတ်တဲ့အတွက် နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့  သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ပစ်ခတ်ရင်းက  မြန်မာနယ်စပ် တောအုပ်ထဲကို ၀င်ပြေးသွားပြီး တာဝန်ရှိသူတွေက နယ်မြေရှင်းလင်းရေးလုပ်ရာမှာ သူတို့ဘက်က ကျကျန်ခဲ့တဲ့ အထုပ်တွေထဲကနေ ရာဘဆေးပြား အလုံး ၄၀၀၊ အိုက်စ်ရေခဲမူးယစ်ဆေး   အလေးချိန် ၄ ကီလိုဂရမ်နဲ့ ကျည်ဆန်အတောင့် ၃၀ ပါရှိတဲ့ အထုပ် ၁ ထုပ်ကို သိမ်းဆည်းရမိတယ်လို့ သတင်းက ဆိုပါတယ်။

သူတို့ ဆုတ်ခွာရာ လမ်းတလျှောက်မှာ သွေးစတွေ ဆက်တိုက်တွေ့ရတဲ့အတွက် ဒဏ်ရာရသူရှိမယ် ထင်ရကြောင်း၊  မူးယစ်ကုန်သည်တွေ ဖမ်းဆီးရမိဖို့ အဲဒီအနီးနားတ၀ိုက်က ကျေးလက်ဆေးပေးခန်းတွေကို စောင့်ကြည်ဖို့ မယ်ဖာ့လုံမြို့နယ်ရဲတပ်ဖွဲ့ကို ဆက်သွယ်အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

ထိုင်းရဲတပ်ဖွဲ့သတင်းဌာနက အဆင့်မြင့်အရာရှိတဦးကတော့  အဲဒီ မူးယစ်ကုန်သည်တွေဟာ မူးယစ်မှုနဲ့ ဆုငွေ ထိုင်းဘတ်   ၅ သန်း ထုတ်ထားတဲ့ ဗိုလ်မှူး ယီ့ဆေးရဲ့ အဖွဲ့ဝင်တွေ  ဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုကြောင်း မယ်ဆိုင်အွန်လိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

ဇီးတောရွာသားများ အဖမ်းခံရ

$
0
0

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဇီးတောရွာဘုန်းကြီးကျောင်းကို ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းပြီး ရွာသား ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဒီကနေ့ အရုဏ်မတက်ခင် ၂ နာရီလောက်မှာ အရပ်ဝတ်တွေနဲ့ ရဲအထူးသတင်းတပ်ဖွဲ့က လူ နှစ်ဒါဇင်လောက်က ကျောင်းကို ၀င်ရောက်စီးနင်းပြီး ၄ ဦးကို  ရိုက်နှက် ဖမ်းဆီးသွားတာလို့ ဇီးတောရွာဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဦးအာလောကက မိန့်ကြားပါတယ်။

ဦးမောင်တူးနဲ့ ဦးတင်လင်းတို့ ၂ ဦးကို လက်နောက်ပြန်လက်ထိတ်ခတ် ဆိုင်ကယ်နဲ့ တင်ဆောင်သွားပြီး ကိုဖိုးကုလားနဲ့ ကိုရဲထက်အောင်တို့ ၂ ဦးကတော့   ပူးတွဲ ချည်နှောင်ထားတာကြောင့် ရုန်းပြီး ပြန်ထွက်ပြေးလွတ်မြောက်လာတယ်လို့ ဆရာတော်က မိန့်ပါတယ်။

ဖမ်းခံရသူတွေဟာ ဒီနေ့ လကွယ်နေ့ ဥပုသ်အတွက် ဆန်ပြုတ်ကြိုဖို့ ကျောင်းမှာ ညအိပ်စဉ် ဖမ်းခံရတာလို့ ဆိုပါတယ်။ ဖမ်းဆီးစဉ်မှာ အကြမ်းပတမ်းပြုမူဆက်ဆံပုံကို ဦးဇင်းက ခုလို မိန့်ပါတယ်။

“ရဲထက်အောင်တို့ ဖိုးကုလားတို့ဆိုတာ ဦးဇင်းရဲ့ကျောင်းမှာ အိပ်ကြတာ။ အဲဒီလူတွေကိုလည်း မင်းတို့မှောက်မှောက်လို့ ပြောပြီးတော့ လက်ထိတ်ခတ်၊ ပြီးတော့ နောက်စေ့တွေ ပိတ်ကန်တယ်။ ပါးတွေ ဘယ်ပြန်ညာပြန် ရိုက်တယ်။ နဖူးလည်း ပိတ်ကန်ခံရတယ်။ ဘွတ်ဖိနပ်ကို မချွတ်ပဲ ဦးဇင်းအခန်းကို အိပ်နေလားဆိုပြီးတော့ မှန်ကိုခွဲပြီးတော့ သော့ကိုလည်း ဖွင့်ကြည့်သွားတယ်။ မှန်တွေလည်း ရိုက်ခွဲသွားတယ်။”

အာဏာပိုင်တွေအနေနဲ့ ဦးမောင်တူးတို့ ဦးတင်လင်းတို့ကို ဘယ်နေရာ ခေါ်ဆောင်တယ် ဆိုတာ မိသားစုကို အကြောင်းကြားအသိမပေးတဲ့အတွက် စိုးရိမ်ပူပန်နေတယ်လို့ ဦးဇင်းက မိန့်ပါတယ်။

ဒီလူတွေက သူတို့ကို ပုန်ကန်တော်လှန်နေသူတွေလည်း မဟုတ်ဘူး။ တောင်သူလယ်သမားတွေ ဖြစ်တယ်။ သူတို့မှာ ဘာပုဒ်ထီး၊ ပုဒ်မမှလည်း မရှိဘူး။ ခု သူတို့ကို ဖမ်းဆီးသွားတယ်။ သူတို့ ဘယ်လိုပုံစံမျိုးနဲ့ နေထိုင်နေကြသလဲ။ ရိုက်နှက်ခံကြရသလား၊ ဘယ်လိုများ လုပ်မလဲဆိုတာ အားလုံးက စိုးရိမ်နေကြတဲ့အပိုင်းတွေ ရှိနေတာပေါ့/”

ဝင်ရောက်စီးနင်းရှာဖွေမှု၊ ရည်ရွယ်ချက်နဲ့ ဖမ်းဆီးသူတွေရဲ့ သတင်း နောက်ဆက်တွဲ သိရဖို့ ရဲကို မေးဖို့ ကြိုးစားဆဲ ဖြစ်ပါတယ်။

လူကုန်ကူးသူ မြန်မာနိုင်ငံသား ၃ ဦးကို ထိုင်းရဲက ဖမ်းဆီး

$
0
0

မြန်မာနိုင်ငံက အလုပ်သမားတွေခေါ်ပြီး ထိုင်းငါးဖမ်းလှေပေါ်ရောင်းချကာ လူသတ်မှု နဲ့ မုဒိမ်းမှုတွေပါ ကျူးလွန်တယ်လို့ သံသယရှိတဲ့ မြန်မာဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးမိပြီးနောက် သူရဲ့ အပေါင်းပါ ၃ ဦးကို ထိုင်းရဲက ထပ်မံ ဖမ်းဆီးလိုက်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း တရန်းခရိုင် ကဒန်လှေဆိပ်တလျှောက်မှာ ကျင်လည်ကျက်စားနေတဲ့ အဖွဲ့ခေါင်းဆောင် ကိုမျိုး ခေါ် နိုင်းယောင်းကို ရာဘာခြံတခုထဲမှာ ဩဂုတ် ၁ ရက်နေ့က ပစ်ခတ်ဖမ်းဆီးခဲ့တာပါ။

အပေါင်းပါ ၃ ဦးကိုတော့ ဩဂုတ် ၂ ရက်နဲ့ ဒီကနေ့ မွန်းလွဲပိုင်းမှာ တရန်းခရိုင် တရန်းမြို့နယ်ထဲ ထပ်မံဖမ်းဆီးခဲ့တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ်ရဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။

ကိုမျိုးကို မဖမ်းမိခင် နောက်လိုက်တဦးကို ၃၁ ရက်နေ့က ဖမ်းမိခဲ့တဲ့အတွက် စုစုပေါင်း မြန်မာနိုင်ငံသား လူကုန်ကူးမှုအဖွဲ့ဝင် ၅ ဦးကို ဖမ်းဆီးရမိထားပါတယ်။ သူတို့ ၅ ဦးကို တရန်းမြို့နယ် ကဒန်ရဲစခန်းမှာ စစ်ဆေးနေပြီး လွတ်မြောက်နေတဲ့ မြန်မာနိုင်ငံသား နောက်တဦးကိုလည်း ဆက်လက်ရှာဖွေနေတယ်လို့ ဆိုပါတယ်။

ကိုမျိုးနဲ့ အပေါင်းပါတွေဟာ ၁၀ နှစ်ကျော်ကာလအတွင်း အနည်းဆုံး လူ ၄၀ ကို သတ်ဖြတ်တာ၊ အမျိုးသမီးတဦးကို မုဒိမ်းကျင့်ပြီး ရေထဲပစ်ချတာ၊ လူ ၇၀၀ နီးပါးကို ငါးဖမ်းလှေပေါ် အဓမ္မရောင်းချတာတွေ  လုပ်ဆောင်ခဲ့တယ်လို့ ကယ်ဆယ်ရေးစခန်းရောက် မျက်မြင်သက်သေ ၁၅ ဦးက ထွက်ဆိုခဲ့သလို ထိုင်းအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကလည်း တခြားသက်သေအထောက်အထားတွေ ခိုင်လုံစွာရထားတယ်လို့ ဦးကျော်သောင်းက ပြောပါတယ်။

ကဒန်ရဲစခန်းက သူတို့ကို စစ်ဆေးမှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး လူကုန်ကူးမှု၊ မုဒိမ်းမှု၊ လူသတ် မှုတွေနဲ့ တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မုံရွာမြို့တွင် သံဃာတပါး ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေ

$
0
0

မုံရွာမြို့ ဇောတိကကျောင်းတိုက်က သံဃာတော်ပါး ဒီကနေ့ မနက်ပိုင်းက ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေသွားတယ်လို့ မုံရွာမြို့အမှတ် ၂ ရဲစခန်း ရဲအုပ် မောင်မောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။

မီးရှို့သတ်သေတဲ့ သံဃာဟာ သက်တော် ၂၄ နှစ်၊ ၀ါတော် ၄ ၀ါရှိတဲ့ ဦးဇင်းသုတရဖြစ်ပြီး မီးရှို့သတ်သေတဲ့အနီးမှာ စာတဆောင် ရေးထားခဲ့တယ်လို့ ရဲအုပ်မောင်မောင်မြင့်က ပြောပါတယ်။

“၃ နာရီခွဲလောက်မှာ မီးရှို့တာ။ သူရေးခဲ့တဲ့ စာလေးတွေတော့ ရှိပါတယ်။ ဘာကြောင်းကြောင်းမှာ မဟုတ်ဘူး။ သူက ဘုရားရှင်ကို ပူဇော်တာပေါ့။ သူ့ကိုယ်ကို ဆီလောင်းမီးရှို့ပြီး ဘုရားရှင်ကို ဆီမီး ပူဇော်တာပေါ့။ အဲဒီလိုရေးထားတယ်။ သူခုလို ပြုတဲ့ ကောင်းမှု ကုသိုလ်အတွက် သာဓုခေါ်ဖို့အတွက်ဆိုပြီး အဲဒီလိုရေးတယ်။”

ပျံလွန်တော်မူသွားတဲ့ ဦးဇင်းသုတရရဲ့ ရုပ်ကလပ်ကို မုံရွာပြည်သူ့ဆေးရုံမှာ စစ်ဆေးမှုတွေ လုပ်ဆောင်မှာဖြစ်ပြီး သေမှုသေခင်းနဲ့ အမှုဖွင့်ပြီး အရေးယူဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

ကန့်ဘလူမြို့နယ်၊ ထန်းကုန်းရွာတွင် မီးရှို့မှုဖြစ်ပွား

$
0
0

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ထန်းကုန်းရွာမှာ ဩဂုတ် ၂၄ ရက်ညက အဆောက်အဦတွေကို မီးရှို့မှု ဖြစ်ပွားခဲ့ပါတယ်။

မီးရှို့မှု ဖြစ်ပွားခဲ့ပုံကို ကန့်ဘလူမြို့နယ်၊ ရဲစခန်း တာဝန်ကျရဲတပ်ကြပ်တဦးက “မိန်းကလေးတဦးကို မွတ်စလင်တဦးက မုဒိမ်းကျင့်ဖို့ ကြံစည်တာ အဲဒီကနေ စတာပဲ။ အဲဒါတွေနဲ့ ပတ်သက်ပြီး ဘုန်းကြီးတွေနဲ့ ပဋိပက္ခဖြစ်တာပေါ့။ ဗလီတွေတော့ မရှို့ဘူး။ အိမ်တွေကို။ အိမ်တွေ ဘယ်နှလုံး ဆုံးရှုံးတယ်ဆိုတာ တွက်နေတုန်း။ အိမ်ဆိုင်လေးတွေပါ။ အိမ်တွေကတော့ ဗမာအိမ်တွေလည်း ပါတယ်၊ မွတ်စလင်အိမ်တွေလည်း ပါတယ်” လို့ပြောပါတယ်။

ဓာတ်ပုံ - ဦးရဲထွဋ်ဖေ့စ်ဘွတ်ခ်

အခြေနေတွေကို ဩဂုတ်လ ၂၅ ရက်နေ့ မနက် ၅ နာရီလောက်မှာ ထိန်းသိမ်းနိုင်ခဲ့ပြီး အတွင်းအစည်း၊ အပြင်စည်းကို လုံခြုံရေးယူထားသလို ပိုပြီးလည်း လုံခြုံရေးတင်းကျပ်ထားတယ်လို့ ရဲတပ်ကြပ်က ပြောပါတယ်။

ဩဂုတ်လ ၂၄ ရက်ညက အခင်းဖြစ်ပွားချိန် ရောက်ရှိခဲ့တဲ့ ထန်းကုန်းရွာအနီးက ဇီးကုန်းရွာသား ဦးဝင်းအောင်ကလည်း သူမြင်တွေ့ခဲ့ရတာတွေ ခုလို ပြောပါတယ်။

“၇ နာရီခွဲလောက် ကျနော် ရောက်သွားတဲ့အချိန်က လူအုပ်တွေနဲ့ ဈေးဆိုင်တန်းတချို့ကို သူတို့ ဖျက်နေကြတယ်။ ရဲစခန်းနဲ့ ဈေးနဲ့ကပ်လျက်ဆိုတော့ ဖျက်နေတဲ့အသံတွေကြားနေရတယ်။ လူအုပ်က ဓားတွေကိုင်လာတယ်။ အဲနားမှာတင် ၂၀၀၊ ၃၀၀ လောက်ရှိတယ်။ သူတို့ ဆိုင်ခန်းတွေ ဖျက်တာပဲ။ နောက်ပိုင်း ဆရာတော်တွေလည်း မေတ္တာ ရပ်ခံတယ်၊ ခရိုင်ရဲမှူးကြီးနဲ့ ဒေသခံတွေလည်း ထွက်ပြီး မေတ္တာရပ်ခံတယ်။ မုဒိမ်းကျင့်ဖို့ ကြံစည်တဲ့သူ ဒီမှာမရှိတော့ဘူး၊ ကန့်ဘလူစခန်းကို ပို့လိုက်ပြီဆိုပြီး ရှင်းပြတဲ့အခါမှာ သူတို့ လူစုခွဲပြန်သွားပြီး အထွက်ဘက်က ဗလီဘက်ရောက်တော့ အပြန်အလှန် ပစ်ကျခတ်ကျရင်းနဲ့ တားမရလောက်အောင်ဖြစ်တယ်။ နောက်ပိုင်း ဟိုဘက်က အထွက်က အိမ်တအိမ်ကို မီးရှို့တာက စတာ။ နောက်ပိုင်း ပြဿနာက ကြီးလာပြီး မီးသတ်ကားတွေနဲ့ ငြှိမ်းဖို့ လုပ်တာ။ သူတို့က ငြှိမ်းခွင့်မပေးဘူး။ မီးသတ်ကားမသွားရဘူးဆိုပြီး လူအုပ်က တားတယ်။ ပထမတချီ ရဲနဲ့ မီးသတ်နဲ့ ပေါင်းပြီးသွားတော့ ၀ိုင်းပြီးထုကြတာ မီးသတ်ရဲဘော်လေး နဖူးမှန်သွားတယ်။ ဆေးခန်းခေါ်ပြီး ဆေးကု။ နောက်တခါ ဆရာတော်တွေနဲ့ ထပ်သွားပြီးညှိတော့ လောင်နေတဲ့အိမ်တော့ လောင်ပါစေတော့၊ ဘေးအိမ်တွေကို မကူးအောင် လုပ်ခွင့်ပြုပါဆိုတော့ သဘောတူချက် ရပြီး ငြှိမ်းရတာ။

“အဲလိုလုပ်နေတဲ့အချိန်မှာ တခြားခွဲထွက်သွားတဲ့သူတွေက တချို့နေရာတွေမှာ ရှို့ပြန်ရော အဲလိုဖြစ်တာ။ ထန်းကုန်းကျေးရွာမှာ၊ ကျနော်တို့ သိသလောက်တော့ ၃၀ နဲ့ ၄၀ ကြား၊ ဗမာအိမ် ပွဲရုံတခုပါမယ်၊ အိမ်တလုံးပါမယ်။ ကျန်တာကတော့ အစ္စလာမ်ဘာသာဝင်တွေနဲ့ အိမ်တွေပဲ။ သွပ်ပြားလိမ်ကောက်နေတာနဲ့ အိမ်တိုင်တွေပဲ ကျန်တော့တယ်။ လောင်တဲ့အိမ်တွေနဲ့ မလောင်တဲ့အိမ်တွေက နွားမွေးကြတာ များတယ်လေ။ နွားတွေက ထွက်ပြေးသွားကြတာဆိုတော့ ဒီနေ့ထိ ပြန်လိုက်ရှာလို့ မရတော့ဘူး။ မရှာရဲကြတာလည်းပါတယ်။ စားစရာကလည်းမရှိ၊ အိမ်ကလည်း ပြာကျ၊ ကလေးတွေ ငိုနေကြတာ တွေ့ရတာ တော်တော် စိတ်မကောင်းပါဘူး။”

မီးရှို့မှုတွေ ဖြစ်ပွားပြီး ဒုက္ခသည်တွေရဲ့ အခြေအနေကိုလည်း ဦးဝင်းအောင်က အခုလို ပြောပါတယ်။

“လောင်သွားတဲ့အိမ်တွေက တချို့လည်း နီးစပ်ရာ ဆွေမျိုးသားချင်း မိတ်ဆွေအိမ်လေးမှာ လောလောဆယ်ကပ်နေတယ်၊ တချို့လည်း အိမ်ဘေးက အပင်လေးတွေအောက်မှာနေပေါ့။ ထမင်းထုပ်လေးတွေတွေ ရှိတယ်။ ကူညီစောင့်ရှောက်မှုကတော့ နည်းနည်း နှေးနေသေးတယ်။ ဌာနဆိုင်ရာတွေ၊ မီးသတ်တွေ ညက မအိပ်ရတာပါတာပေါ့။”

အခုဖြစ်ပွားတာဟာ မိတ္ထီလာမှာ ဖြစ်ပွားသလို အစီစဉ်ကျကျ မဟုတ်ဘဲ ရုတ်တရက် ထဖြစ်တာလို့ ပြောပါတယ်။

မီးရှို့မှု ဖြစ်ပွားခဲ့တဲ့ ထန်းကုန်းရွာဟာ ကန့်ဘလူမြို့နယ်နဲ့ ၁၅ မိုင်လောက်အကွာမှာ တည်ရှိပြီး အိမ်ခြေ ၇၀၀ လောက်ရှိတဲ့ တိုက်နယ်ကျေးရွာကြီး တရွာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် နိုင်ငံရေးဆွေးနွေးပွဲ ရှေ့မတိုးနိုင် –ယူအင်န်အေ

$
0
0

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အကြား နိုင်ငံရေး ဆွေးနွေးပွဲအတွက် ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ စက်တင်ဘာ ၈ ရက်နေ့က အကြိုညှိနှိုင်းရာမှာ သဘောတူညီချက် တစုံတရာမရရှိဘဲ အဆုံးသတ်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ အစိုးရဘက်က လာမယ့် အောက်တိုဘာမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးရေးကို တင်ပြခဲ့ပြီး ဒီအချက်ကို တိုင်းရင်းသားတွေဘက်က ပြည်နယ်အဆင့်။ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးပြီးဖြစ်တာကြောင့် ထပ်မံထိုးဖို့ လိုအပ်မအပ် မေးခွန်းထုတ်ခဲ့ပါတယ်။ အစိုးရဘက်က သဘောတူတဲ့ အဖွဲ့လာလက်မှတ်ထိုးဖို့ တံခါးဖွင့်ထားမယ့်အကြောင်း ပြောဆိုခဲ့ပါတယ်။  အစိုး၇ဘက်ကတော့ တနိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ လက်မှတ်ရေးထိုးပြီးမှ သာနိုင်ငံရေးဆွေးနွေးပွဲတွေ စနိုင်မယ်လို့ ပြောခဲ့ပါတယ်၊

ယူအင်န်အေ ကိုယ်စားလှယ် နိုင်သက်လွင်ကို ဒီဗွီဘီသတင်းထောက် ကိုအေးနိုင် မေးမြန်းစဉ်

ပထမတကြိမ်ဆွေးနွေးပွဲကို ဒီနှစ်ဖေဖော်ဝါရီမှာကျင်းပခဲ့တာကြောင့် ဒီတကြိမ်ဟာ ဒုတိယမြောက်ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို လေ့လာသူအဖြစ် ပြည်တွင်းက ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအင်အေ) နဲ့  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးက ကိုယ်စားလှယ်နှစ်ဦးစီတက်ရောက်ပါတယ်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (ယူအင်အေ) ကိုယ်စားလှယ်၊ မွန်ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဌ နိုင်သက်လွင်ကို မေးမြန်းထားပါတယ်။

မေး-ဒီပွဲကို ယူအင်အေအနေနဲ့ ပထမတခေါက်တုန်းကတော့ မတက်ဘူးပေါ့။ ဒီတခေါက်တက်တဲ့အတွက် အန်ကယ် ဒီပွဲကနေ ဘာတွေများထူးထူးခြားခြား လေ့လာမိပါသလဲ။

ဖြေ- ကျနော်တို့ ယူအင်အက်ဖ်စီက သဘောထားနဲ့ ကျနော်တို့ ယူအင်အေနဲ့ သဘောထားက ထပ်တူထပ်မျှဖြစ်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေအားလုံး တန်းတူညီမျှတဲ့၊ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အားလုံး လိုလားတောင့်တကြတယ်။ အဲဒီ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှသာလျင် သမ္မတဦးသိန်းစိန်လိုချင်နေတဲ့ ထာဝရ ငြိမ်းချမ်းရေးကို ရမယ်။ ကျနော်တို့ရဲ့နိုင်ငံက အမှန်မှာ သယံဇာတတွေ ဒီလောက် ပေါကြွယ်ဝတာ၊ သူများရဲ့ ဒီအနီးနားအိမ်နီးချင်းကိုတောင်မှ လိုက်မမီဖြစ်ပြီးတော့မှ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးနိုင်ငံအဖြစ် ရောက်ရှိနေတယ်။ ကျနော်တို့ ပြည်သူပြည်သားတွေကလည်း ငတ်ပြတ်ပြီးတော့မှ သူများနိုင်ငံမှာ သွားပြီးတော့မှ အလုပ်လုပ်နေရတဲ့ဘ၀ဖြစ်နေတယ်။ အဲဒါကို ကျနော်တို့က အားလုံး ပြည်သူလူထုတရပ်လုံး လိုချင်နေတဲ့ ထာဝရ ငြိမ်းချမ်းရေးကို ကျနော်တို့ကလည်း အသက်ရှိနေသမျှကာလပတ်လုံး  ပြည်သူလူထုထုရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကျနော်တို့က တတ်နိုင်သမျှ အသက်ကြီးကြီးနဲ့လည်း ကြိုးစားပြီးတော့ လာရတယ်။

မေး- အခု နိုင်ဟံသာဦးဆောင်တဲ့ ယူအင်အက်ဖ်စီနဲ့ ဦးအောင်မင်းတို့နဲ့ အစိုးရနဲ့ ဆွေးနွေးပွဲဟာ ဘယ်နေရာတွေမှာ ညှိလို့ရပြီးတော့ ဘယ်နေရာတွေမှာ ညှိလို့မရနိုင်လောက်အောင် ခက်နေတာလဲ။ အဲဒါ ဘယ်လိုမျိုးလေ့လာမိလဲ။

ဖြေ- ကျနော်တို့က တခုတည်းသော အခက်အခဲကတော့ ၂၀၀၈ အခြေခံဥပဒေကိစ္စကြောင့် ညှိလို့ နည်းနည်း အခက်အခဲရှိနေတယ်။ ကျန်တာကတော့ အားလုံးက ၀န်ကြီးဦးအောင်မင်းတို့ရော၊ ယူအင်အက်ဖ်စီရော သဘောထားက အားလုံးတူညီကြပါတယ်။ ဒါပေမယ့် ဒီ ကျနော်တို့ လက်နက်ချပြီးတော့ ပါတီတည်ဆောက်ပြီး ရွေးကောက်ပွဲဝင်၊ လွှတ်တော်ထဲမှာ လိုချင်တဲ့ဟာကို တောင်းဆို ဆိုတဲ့ ၂၀၀၈ အခြေခံဥပဒေမူအရ သွားမယ်ဆိုလို့ရှိရင် အခက်အခဲဖြစ်တယ်။ ၂၀၀၈ အခြေခံဥပဒေက ဒီမိုကရေစီစနစ်ကလည်း အပြည့်အ၀မရှိ၊ ပြီးတော့ တိုင်းရင်းသားတွေရဲပြီးတော့ တိုင်းရင်းသားတွေရဲ့အရေးကိစ္စ လုံးဝလည်း အကျိုးမရှိ၊ ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပတ်သက်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေက  လုံးဝဆက်စပ်မှုမရှိဘူး။ အဲဒါကြောင့် ဆွေးနွေးပွဲက နည်းနည်း ခက်ခဲနေတာကတော့ ၂၀၀၈ အခြေခံဥပဒေကြောင့် ကျနော် ဒါပဲမြင်တယ်။

မေး- ယူအင်အေအနေနဲ့ ယူအင်အက်ဖ်စီနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲမယ်လို့ သိရပါတယ်။ အဲဒီတော့ ဘယ်လိုအခြေခံတွေပေါ်မှာ ရေးဆွဲမှာလဲခင်ဗျ၊

ဖြေ-ကျနော်တို့ ယူအင်အေကတော့ ရှစ်ပြည်နယ်အခြေခံပြီးတော့ အမျိုးသားများပြည်နယ်ပဲ ခေါ်ခေါ်၊ ကျန်တဲ့ပြည်နယ်တွေက သင့်တော်သလို သူက ပေးသင့်ပေးထိုက်တဲ့ပြည်နယ်တွေကို ကျနော်တို့က ထပ်ပြီးတော့ ဖြည့်ပြီးတော့ ကျနော်တို့ အမျိုးသားအခြေခံနဲ့ ပြည်နယ်တည်ဆောက်တဲ့ သဘောကို ကျနော်တို့ ပိုပြီးတော့ ကြိုက်တယ်။ ရှစ်ပြည်နယ်ကို အခြေခံပြီးတော့ ကျနော်တို့ အမျိုးသားအခန်းကန်ဒက ကျနော်တို့ ပထ၀ီကို အခြေခံတဲ့ ပြည်ထောင်စုမျိုးကို ကျနော်တို့က မလိုလားဘူး။ လူမျိုးကို အခြေခံတဲ့၊ ပြည်နယ်ကို အခြေခံတဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ကျနော်တို့က လိုလားတယ်။

မေး-ပြည်ပမှာ လာလေ့လာတဲ့   ယူအင်အက်ဖ်စီနဲ့ အစိုးရနဲ့ပွဲကနေ တွေ့ကြုံရတဲ့အနေအထားကို မြန်မာပြည်သားတွေကို ဘာ အထူးတလည် ပြောစရာရှိမလဲ။ အနှစ်သာရအားဖြင့်ပေါ့။

ဖြေ-ကျနော်တို့ တိုင်းရင်းသားတွေက ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့ တစ်ကြိမ်၊ နှစ်ကြိမ်၊ အခုဆိုရင် သုံးကြိမ်မြောက်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တောင်းဆိုလာတာ။ ဒီသုံးကြိမ်မြောက်မှာ ထူးခြားတာကတော့ ဗမာပြည်။ ဗမာနိုင်ငံရေးအသိုင်းအ၀ိုင်းကလည်း ဒီ ဖက်ဒရယ်ပြည်ထောင်စုက မှန်ကန်တယ်၊ ပြည်ထောင်စုနဲ့ ပြည်နယ်ကို အာဏာခွဲဝေပြီးတော့ စနစ်တကျနဲ့ အုပ်ချုပ်တယ်၊ တန်းတူညီမျှတဲ့ တိုင်းရင်းသားအားလုံး၊ ပြည်ထောင်စုသားအားလုံး၊ တန်းတူညီမျှတဲ့ အခြေခံမူ ဖြစ်တဲ့အတွက်ကြောင့် ဘယ်သူမှလည်း နာတာမရှိဘူး၊ သာတာမရှိဘူး။ တန်းတူညီမျှတဲ့ ဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြဖို့က အေဘီအက်စ်ဒီအက်ဖ် (ကျောင်းသားတပ်မတော်) ရော၊ ဗမာပြည်မှာရှိနေတဲ့ ဗမာ ဒီမိုကရေစီပါတီအဖွဲ့အစည်း တော်တော်များများက အရင်ကလို မဟုတ်တော့ဘူး။ အခုအားလုံး ဖက်ဒရယ်ပြည်ထောင်စုကို လိုလိုလားလားနဲ့ တကမ္ဘာလုံးက ထောက်ခံနေတယ်လို့ ကျနော် မြင်တယ်။


ထိုင်းစစ်တပ်နှင့် မူးယစ်ဂိုဏ်း ပစ်ခတ်မှုဖြစ်၊ ၂ ဦး သေဆုံး

$
0
0

မြန်မာနယ်စပ် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်က မယ်ဖာ့လုန်မြို့နယ်ထဲမှာ ထိုင်းစစ်တပ်နဲ့ မူးယစ်ကုန်သည်တွေ ပစ်ခတ်မှု ဖြစ်ပွားပြီး  ၂ ဦး သေဆုံးကာ ရာဘဆေးပြား အလုံးရေ ၄ သောင်း ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ  ဖော်ပြထားပါတယ်။

ဓာတ္ပုံ - thairath

မယ်ဖာ့လုန်မြို့နယ် ဘန့်ဟွေ့နမ့်ခွန် ကျေးရွာအုပ်စုထဲမှာ မူးယစ်ဆေးဝါး သယ်ဆောင်မှု ရှိကြောင်း ကြိုသတင်းရရှိထားချက်အရ ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်ပြောက်ကျားတပ်ဖွဲ့  အမှတ် ၃၁ က တပ်ဖွဲ့ဝင်တွေဟာ  မူးယစ်ဂိုဏ်းဝင်လာနိုင်ဖွယ်ရှိတဲ့ တောလမ်းကနေ စောင့်ဖမ်းရာက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ စက်တင်ဘာ ၁၅ ရက်နေ့က ထိုင်းရတ် အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

ပစ်ခတ်မှုတွေဟာ စက်တင်ဘာ ၁၁ ရက်နေ့ မနက် ၂ နာရီလောက်က ဘန့်ဟွေ့နမ့်ခွန် ကျေးရွာအုပ်စု တောအုပ်ထဲမှာ ၁၀ မိနစ်ကြာ  ဖြစ်ပွားခဲ့တာဖြစ်ပြီး တဘက် မူးယစ်ဂိုဏ်းက ၃၊ ၄ ဦးဟာ ပစ်ခတ်ရင်း မြန်မာနယ်စပ်ကို ဦးတည်တဲ့ တောအုပ်ဘက် ၀င်သွားကြောင်း၊ လက်ပစ်ဗုံးနဲ့လည်း ပစ်ခတ်ခဲ့ပြီး ထိုင်းစစ်တပ်ရှိရာနေရာနဲ့ မီတာ ၁၀၀ အကွာမှာ ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။

မူးယစ်ဂိုဏ်းတွေ ထွက်ခွာသွားပြီး နယ်မြေရှင်းလင်းရေးလုပ်ရာမှာ ပစ်ခတ်မှုဖြစ်ပွားရာ နေရာနဲ့ မီတာ ၃၀၀ အကွာမှာ အခါတိုင်းရင်းသားဝတ်စုံနဲ့ အသက် ၄၀ အရွယ် လူတယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာတွေ့ရှိရပြီး အနီးက အိတ်ထဲမှာ ရာဘဆေးပြား ၂ ထောင်ပါရှိတဲ့ အထုတ်ပေါင်း ၂၀ နဲ့ လက်ကိုင်ဖုန်း ၁ လုံး သိမ်းဆည်းရမိတယ်လို့ တွေ့ရှိကြောင်း  တပ်ခွဲမှူး ဗိုလ်မှူး နိုင်းဆူရဖုန်း ထိပဟတ်က သတင်းထောက်တွေကို ပြောပါတယ်။

ဒီသတင်းနဲ့ ဆက်စပ်ပြီး ဒေးလီးနယူးစ်သတင်းမှာတော့ မူးယစ်ဂိုဏ်းအဖွဲ့ဝင်လို့  ယူဆရသူ အသက် ၃၅ နှစ်အရွယ် လူတဦးကို ဘန့်ဟွေ့နမ့်ခွန်ကျေးရွာအုပ်စု ဘန့်ဟွေ့လိုက်ရွာနားက ၀ါးတဲအိမ်တခုဘေးမှာ စက်တင်ဘာ ၁၅ ရက်နေ့က သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လူသေအလောင်းတွေ့ရှိကြောင်း ဒေသခံရွာသားတွေရဲ့  သတင်းပေးပို့ချက်အရ မယ်ဖလုံမြို့နယ် အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ဝင်၊ အမှတ် ၃၁ ပြောက်ကျားတပ်ဖွဲ့ဝင်၊   မှုခင်းဆရာဝန်တွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတွေဟာ  အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးရာမှာ ကျောဘက်ကနေ အချက်ပေါင်းများစွာ ဖောက်ဝင်သွားတဲ့ သေနတ် ဒဏ်ရာနဲ့ သေဆုံးနေတာကိုသာတွေ့ရတယ်လို့ ဆိုပါတယ်။

မှုခင်းဆရာဝန်ရဲ့ ခန့်မှန်းချက်အရ လွန်ခဲ့တဲ့ ၃၊ ၄ ရက်က သေဆုံးခဲ့ကြောင်း၊  အလောင်းဘေးက ကျောပိုးအိတ်ထဲမှာတော့  ရေဘူး၊ လက်နှိပ်ဓာတ်မီးနဲ့ ခေါက်ဆွဲခြောက်ထုပ်တွေသာ တွေ့ရပြီး မူးယစ်ဆေးဝါးတွေတော့ မတွေ့ရကြောင်း ထိုင်းသတင်းမှာ  ဖော်ပြသွားပါတယ်။

ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူတွေမှာ ဘာသက်သေအထောက်အထားမှ မရှိတဲ့အတွက် တဘက်နိုင်ငံက တိုင်းရင်းသားတွေလို့ ယူဆရကြောင်း၊  လွတ်မြောက်သွားသူတွေမှာ  နောက်ထပ် မူးယစ်ဆေးဝါးတွေ အများအပြားပါသွားနိုင်ကြောင်း ဖော်ပြထားပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး နောက်ထပ် မူးယစ်ကုန်သည်တွေ ဖမ်းဆီးရမိဖို့ ဆက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့  မယ်ဖလုံ ရဲစခန်းက အထူးစုံစမ်းစစ်ဆေးရေးရဲမှူး ဆာခွန်းခတ္တိယပုတ်က ထိုင်းသတင်းထောက်တွေကို ပြောသွားပါတယ်။

ရွှေဂတ်စ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်၊ ဒေသခံများ စိုးရိမ်

$
0
0

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကျောက်မြောင်းကျေးရွာမှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု ဖြစ်ပွားလို့ ဒေသခံတွေက စိုးရိမ်ပူပန်နေကြတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ဆက်သွယ် ပေးပို့နေတဲ့  သဘာဝဓာတ်ငွေ့ပိုက်လိုင်းက ဓာတ်ငွေ့စမ်းသပ်ထုတ်လွှင့်ရာကနေ စက်တင်ဘာ ၁၃ ရက်ညနေပိုင်းက ကျောက်မြောင်းရွာနဲ့ အနီးကို ဖြတ်သန်းသွားတဲ့နေရာမှာ ဓာတ်ငွေ့ ယိုစိမ့်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ငွေ့ယိုစိမ့်တဲ့နေရာမှာ ၁၅ မိနစ်လောက် မီးလောင်ကျွမ်းခဲ့တာကို မြင်တွေ့ခဲ့ရတဲ့ အတွက် ရွာသားတွေက စိုးရိမ်ပူပန်ခဲ့ကြတာလို့ ကျောက်မြောင်းရွာခံ ဦးလှစိုးမောင်က ပြောပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့မှာတော့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်တဲ့နေရာကို  တရုတ်ကုမ္ပဏီက  တာဝန်ရှိသူတွေ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သလို  မြန်မာတရုတ် ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့တွေလည်း အဆိုပါကျေးရွာကို သွားရောက်ခဲ့ပါတယ်။

ဒါပေမယ့် ဒီပိုက်လိုင်းပေါက်တဲ့နေရာကို ရွာသားတွေ မသွားကြဖို့ အာဏာပိုင်တွေက တားဆီးပိတ်ပင်တာတော့မရှိဘူးလို့  ဒေသခံရွာသားတွေက ပြောပါတယ်။

ကျောက်မြောင်းရွာကို သွားရောက်ခဲ့တဲ့ မြန်မာတရုတ်ပိုက်လိုင်းစောင့်ကြည့်ရေးအဖွဲ့က  ဦးထွန်းထွန်းနိုင်ကတော့ ဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်မှုနဲ့ ပတ်သက်ပြီး သူရဲ့အမြင်ကို ခုလိုပြောပါတယ်။

“ပိုက်လိုင်းတလျှောက်မှာ ကေဘယ်လ်ကြိုးတွေ မြှုပ်ထားတယ်။ သူက pressure တက်လာတာနဲ့ ပိုက်လိုင်းယိုစိမ့်တာနဲ့ ကေဘယ်လ်ကြိုးတွေက သတိပေးတာပေါ့။ သတိပေးတော့ သူတို့က အဲဒီနေရာကို လိုက်ပိတ်ထားလိုက်တာပေါ့။ ပိတ်လိုက်တော့ ယိုစိမ့်နေတဲ့နေရာက မီးလောင်ပြီးတော့ ဂတ်စ်ကုန်သွားတဲ့အချိန်မှာ ရပ်သွားတာပေါ့။”

ပိုက်လိုင်းယိုစိမ့်မှုဖြစ်တဲ့နေရာက  ပိုက်လိုင်းအဆက်တွေ ရှိနေတဲ့အတွက် ပိုက်လိုင်း သွယ်တန်းစဉ်က စမ်းသပ်လုပ်ဆောင်စဉ်ကလည်း စိမ့်ယိုမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သူက ရှင်းပြပါတယ်။

မြန်မာ၊  တရုတ်၊ တောင်ကိုးရီးယားနဲ့ အိန္ဒိယကုမ္ပဏီတွေ ရင်းနှီးမြုပ်နှံထားတဲ့  သဘာဝဓာတ်ငွေ့ပိုက်လိုင်းကနေ ဓာတ်ငွေ့တွေကို  ရခိုင်ကမ်းလွန်ကနေ မြန်မာနိုင်ငံ တနံတလျားကို ဖြတ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို အခုနှစ်  ဇူလိုင်လကုန်က စပို့နေတာ ဖြစ်ပါတယ်။

မြန်မာအလုပ်သမားတဦး ၅ ထပ်တိုက်ပေါ်မှ ပြုတ်ကျ သေဆုံး

$
0
0

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ စက်တင်ဘာ ၁၆ ရက်နေ့ညက  မြန်မာအလုပ်သမားတဦး ငြမ်းစင်ပေါ်က ပြုတ်ကျသေဆုံးခဲ့ပါတယ်။

သေဆုံးသူဟာ ဧရာဝတီတိုင်း ၀ါးခယ်မမြို့နယ်က အသက် ၂၃  အရွယ် ကိုရဲထွန်းနိုင် ဆိုသူဖြစ်ပြီး ချင်းမိုင်စူပါဟိုက်ဝေးလမ်းမကြီးပေါ်က ဆန်ဒိတ်လမ်းဆုံ  ၆ လွှာ ကုန်တိုက် တည်ဆောက်ရေး လုပ်ငန်းခွင်တခုမှာ ညဆိုင်းအလုပ်ဆင်းရင်း ၉ နာရီလောက်မှာ ၅ ထပ်လွှာ ငြမ်းစင်ပေါ်က ပြုတ်ကျပြီး နေရာမှာတင် သေဆုံးခဲ့တာလို့ လုပ်ဖော်ကိုင်ဘက် အလုပ်သမားတွေက   ပြောပါတယ်။

ကိုရဲထွန်းနိုင်ဟာ  လုပ်ငန်းခွင်အန္တရာယ်ကာကွယ်ရေးပစ္စည်းဖြစ်တဲ့ ခါးပတ်နဲ့ ဦးထုပ်ကို ဆောင်မထားလို့ ခုလိုဖြစ်ရကြောင်း  အလုပ်သမားတဦးက  ပြောဆိုပြီး လုပ်ငန်းခွင်မှာ ထိခိုက် သေဆုံးမှုအတွက် ထိုက်သင့်တဲ့လျော်ကြေးရရှိဖို့ မက်ပ်ဖောင်ဒေးရှင်းက  ကူညီဆောင်ရွက် ပေးနေတယ်လို့ သိရပါတယ်။

ထိုင်းအလုပ်သမားကာကွယ်စောင့်ရှောက်ရေးဥပဒေအရ လုပ်ငန်းခွင်မှာ မတော်တဆ သေဆုံးမှုမှာ လူမှုရေးအာမခံကတ်ရှိရင် အသုဘစရိတ် ဘတ် ၄ သောင်းနဲ့ လုပ်အားခ ၈ နှစ်စာရဲ့  ၆၀ ရာခိုင်နှုန်း လျော်ကြေးပေးရမှာ ဖြစ်ပြီး  လူမှုရေးအာမခံကတ် လုပ်မထားဘူးဆိုရင် သူလုပ်အားခရဲ့  အဆပေါင်း ၁၀၀  ကို အလုပ်ရှင်ဖြစ်သူက ပေးလျော်ရမယ်လို့ မက်ဖောင်ဒေး ရှင်းက ပြောပါတယ်။

ကော့သောင်းထောင် အကျဉ်းသားပြောင်းရွှေ့မှု မိသားစုများ စိုးရိမ်

$
0
0

တနင်္သာရီတိုင်း  ကော့သောင်းမြို့ အကျဉ်းထောင်မှာ ပြီးခဲ့တဲ့သီတင်းပတ်က ထောင်တွင်း ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီးနောက်  အကျဉ်းသားတွေကို ရုတ်တရက်  ထောင်ပြောင်းရွှေ့လိုက်တဲ့ အတွက် အကျဉ်းသားတွေရဲ့မိသားစုဝင်တွေဟာ စိုးရိမ်ပူပန်နေကြပါတယ်။

ကော့သောင်းအကျဉ်း ထောင်အာဏာပိုင်တွေက အကျဉ်းသား ၁၇၀ လောက်ကို မနေ့  ညနေပိုင်းက  သင်္ဘောဆိပ်ကနေ ပြောင်းရွှေ့ဖို့အတွက် ခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး  ဘယ်ထောင်ကို ပြောင်းရွှေ့မှန်းမသိကြရတဲ့အတွက်  အကျဉ်းသားတွေရဲ့ မိသားစုတွေက စိုးရိမ်ပူပန်နေကြတာပါ။

အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဟာ ထောင်ပြောင်းရွှေ့ခံရတဲ့ အကျဉ်းသားတွေအတွက် စားစရာတွေ၊ အဝတ်အစားတွေနဲ့ သုံးစွဲဖို့ ငွေကြေး  ဘာတခုမှ မပေးလိုက်ရဘူးလို့  အကျဉ်းသားမိခင်တဦးက ပြောပါတယ်။

အကျဉ်းသားတွေထဲမှာ တချို့ဆိုရင် လွတ်ရက်အရမ်း နီးကပ်နေကြပြီလို့လည်း အကျဉ်းသားတဦးရဲ့ အစ်မဖြစ်သူက ပြောပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့က အကျဉ်းသား ၂ ယောက် ရန်ဖြစ်တာကို ထောင်အာဏာပိုင်က  ခေါ်ယူအပြစ်ပေးတာဟာ ကြမ်းတမ်းလွန်းတာကြောင့် ကျန်ထောင်သားတွေက မကျေမနပ်ဖြစ်ကြပြီး စက်တင်ဘာ ၁၅ ရက်နေ့မှာ ဆန္ဒပြ အော်ဟစ်ခဲ့ကြပြီးနောက် အခုလို ပြောင်းရွှေခဲ့တာ ဖြစ်ပါတယ်။

အကျဉ်းသားတွေကို အင်းစိန်ထောင်နဲ့ တခြားထောင်တွေကို ပို့ဆောင်လိုက်တယ်လို့ သတင်းတွေ ထွက်နေပေမယ့်  ဒီသတင်းနဲ့ ပတ်သက်ပြီး အတည်ပြုချက်ရဖို့  ကြိုးစားပေမယ့် ကော့သောင်းအကျဉ်းထောင် တာဝန်ရှိသူတွေကို ဆက်သွယ်လို့ မရခဲ့ပါဘူး။

စက်တင်ဘာလ ၁၅ ရက်နေ့က အကျဉ်းသားတွေ ဆန္ဒပြတာကို ထောင်အာဏာပိုင်က သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်ရာကနေ အကျဉ်းသား ၁ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၇ ဦးကို ကော့သောင်းဆေးရုံကို ပို့ဆောင်ကုသခဲ့ပါတယ်။ အဲဒီထဲက မြိတ်ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ဒဏ်ရာပြင်းထန်တဲ့ ၁ ဦးလည်း စက်တင်ဘာ ၁၇ ရက်နေ့က သေဆုံးသွားတယ်လို့ သိရပါတယ်။

ဆန္ဒပြအကျဉ်းသားတွေကို မပို့ဆောင်ခင်က ကော့သောင်းထောင်ထဲမှာ  အကျဉ်းသား ၆၀၀ လောက် ရှိတယ်လို့ သိရပါတယ်။

သတင်း အပြည့်အစုံ နားဆင်ရန်



နေပြည်တော်ရဲနှင့် ၀ဲကြီးရွာသားများ ပဋိပက္ခဖြစ်

$
0
0

နေပြည်တော် ပုဗ္ပသီရိမြို့နယ် ၀ဲကြီးကျေးရွာမှာ စက်တင်ဘာ ၁၈ ရက်ညက ရဲနဲ့ ကျေးရွာသားတွေ ပဋိပက္ခဖြစ်ပွားပြီး ရဲ ၁၀ ယောက်လောက် ဆေးရုံတင်ထားရတယ်လို့ မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဦးအောင်က ပြောပါတယ်။

၁၈ ရက်နေ့ည ၁ နာရီခွဲလောက်မှာ ၀ဲကြီးကျေးရွာနေ ကျေးရွာ အန်အယ်လ်ဒီ အလုပ်အမှုဆောင် ကိုဇော်လတ် နေအိမ်ကို ရဲအယောက် ၃၀ လောက် အကြမ်းဖက်ဝင်ရောက်လာပြီး ရိုက်နှက်ရာမှာ ကိုဇော်လတ် ဇနီးသည်ဖြစ်သူက ဓားပြဓားပြလို့ အော်တာကြောင့် ရွာသားတွေ အိမ်ကို ၀ိုင်းလာခဲ့ကြတယ်လို့ ကိုဇော်လတ်က ပြောပါတယ်။

အဲဒီနောက် ရဲ ၂၇ ယောက်ကို ရွာသားတွေက ဖမ်းဆီးချုပ်နှောင်ထားလိုက်ကြောင်း၊ မိုးလင်းတော့ ရာနဲ့ချီတဲ့ရဲတွေ ရွာကို လာဝိုင်းပြီး အဖမ်းခံထားရတဲ့ ရဲတွေကို ပြန်ထုတ်ပေးဖို့ တောင်းဆိုတဲ့အတွက် ထုတ်ပေးလိုက်တယ်လို့ ကာယကံရှင် ကိုဇော်လတ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အဲဒီရွာအနီး လယ်သမားတချို့ ထွန်တုံးတိုက်ပွဲဝင်ခဲ့တာကို အားပေးအားမြှောက်ပြုတယ်ဆိုပြီး သူ့ကို လာဖမ်းတာလို့ ထင်ကြောင်း ကိုဇော်လတ်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပုဗ္ပသီရိမြို့နယ် ကျည်တောင်ကန် စခန်းမှူးကို ဆက်သွယ်မေးမြန်းရာမှာ ဖြစ်စဉ်မှန်ကန်ကြောင်း ပြောပြီး အသေးစိတ်ပြောဆိုဖို့ကိုတော့ ငြင်းဆိုသွားပါတယ်။

အခင်းဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်ပြီး ကာယကံရှင် ကိုဇော်လတ်ကို ဒီဗွီဘီသတင်းထောက် ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

Viewing all 80 articles
Browse latest View live


Latest Images